China(Nanning)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကျေးလက်ဒေသများတွင် ထောပတ်သီးစိုက်ပျိုးမှု တိုးတက်လာ

Last Updated:

တရုတ်လူမျိုးများသည် ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်နေထိုင်မှုပုံစံကို ပိုမိုနှစ်သက်လာခြင်းကြောင့် ထောပတ်သီးသည် မြို့ပြနေသူများ အထူး သဖြင့် ကျန်းမာရေးကို အလေးထားသောသူများအတွက် ထင်ရှားကျော်ကြားသော အသီးအနှံအသစ်တစ်မျိုး ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။

ထောပတ်ပင်များသည် နေရောင်ခြည်အပြည့်နှင့် အပူချိန်အလယ်အလတ်တွင် ရှင်သန်ကြပြီးပရိုတင်းနှင့် မပြည့်ဝဆီများ ကြွယ်ဝသောကြောင့် ၎င်းတို့အား "သစ်ပင်မှရသောထောပတ်" ဟု အမည်ပေးထားကြောင်း၊ သို့သော်လည်း ယခင်က တရုတ်နိုင်ငံတွင် ရောင်းချသော ထောပတ်သီးများကို အခြားနိုင်ငံများမှ တင်သွင်းခဲ့ရကြောင်း သိရှိရပါသည်။

သို့ရာတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Pu'er မြို့၊ Menglian ၏ Dai-Lahu-Va ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၌ ယခုအခါတွင် ထောပတ်သီးစိုက်ပျိုးမှု ကျယ်ပြန့်လာနေပြီဖြစ်ကြောင်း၊ ယခုနှစ်၌ စီရင်စုအတွင်း လတ်ဆတ်သောထောပတ်သီး တန်ချိန် (၁၀,၀၀၀) ကျော် ခူးဆွတ်နိုင်မည်ဟု ခန့်မှန်းထားပြီး စုစုပေါင်းဝင်ငွေ ယွမ်သန်း (၃၀၀) (အမေရိကန်ဒေါ်လာ ၄၂ သန်းခန့်) ကျော်လွန်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ ထို့အပြင် တိုးတက်လာသော ထောပတ်သီးစိုက်ပျိုးမှု သည် ဒေသခံအိမ်ထောင်စုတစ်ခုစီကို နှစ်စဉ် ပျမ်းမျှဝင်ငွေ ယွမ် (၃၀၀၀) ကျော် တိုးလာစေကြောင်း သိရှိရပါသည်။

Menglian တွင် နေထိုင်သော လားဟူတိုင်းရင်းသားများ၏ ဘာသာစကားတွင် "ထောပတ်သီး" ဟူ သောစကားလုံးမရှိသော်လည်း ထောပတ်သီးသည် ၎င်းတို့အတွက် ဝင်ငွေတိုးလာစေကြောင်း၊ Menglian သည် 'ကမ္ဘာ့ထောပတ်သီးမြို့တော်' ဟုလူသိများသော မက္ကဆီကိုနှင့် တူညီသောလတ္တီတွဒ်တွင် တည်ရှိသဖြင့် အဆိုပါစီရင်စုသည် တစ်နှစ်လျှင် နေရောင်ခြည် နာရီပေါင်း (၂,၁၀၀) ကျော်ရရှိပြီး နှစ်စဉ်ပျမ်းမျှမိုးရေချိန် (၁,၃၀၀) မီလီမီတာကျော်ရှိသည်ဟု စီရင်စုလက်ထောက်ဦးစီးမှူး Han Bo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ တစ်နှစ်ပတ်လုံး စိမ်းလန်းစိုပြေပြီး ကောင်းမွန်သည့်ဂေဟစနစ်ကြောင့် Menglian သည် အရည်အသွေးမြင့် ထောပတ်သီးများကို စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် တရုတ်နိုင်ငံရှိ ဒေသအနည်းစုအနက်မှ တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

Menglian သည် ၂၀၀၇ ခုနှစ်မှစတင်၍ ကမ္ဘာ့ဈေးကွက်သို့ အဓိက ထောပတ်သီးများကို မိတ်ဆက်ခဲ့ရုံသာမက မျိုးစေ့ထုတ်လုပ်ခြင်းနှင့် စမ်းသပ်စိုက်ပျိုးခြင်းများကို သုတေသနပြုလုပ်ရန်အတွက် ပြည်တွင်းပြည်ပ ပညာရှင်များနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ နည်းပညာ၊ ငွေကြေးပံ့ပိုးမှုနှင့် အထောက်အပံ့များကြောင့် ဒေသတွင်း ထောပတ်သီးလုပ်ငန်းစုသည် ဖွံ့ဖြိုးတိုးတက်လာကြောင်း သိရှိရပါသည်။

လက်ရှိတွင် Menglian သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ထောပတ်သီး စိုက်ပျိုးသည့်ဒေသများအနက်မှ တစ်ခုဖြစ်လာပြီး ထောပတ်သီး စိုက်ပျိုးသည့် ဧရိယာသည် (၆,၆၆၇) ဟက်တာခန့် ရှိကြောင်း၊ ဒေသခံများသည် ထောပတ်သီးများကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်း၊ အရသာရှိသော ထောပတ်သီးဖျော်ရည်ပြုလုပ်၍ သောက်သုံးခြင်းသာမက ထူးခြားသော ထောပတ်သီးဟင်းပွဲဖန်တီးရန်အတွက် ၎င်းတို့၏ တိုင်းရင်းသားဟင်းလျာများတွင်လည်း ထောပတ်သီးကိုထည့်သွင်းအသုံးပြုလာကြကြောင်း သိရှိရပါသည်။

ထောပတ်သီး စိုက်ပျိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းများသည် ယူနန်ပြည်နယ်ရှိ မြို့ကြီးများ ၌နေထိုင်သော စားသုံးသူများအတွက်လည်း အကျိုးရှိစေကြောင်း၊ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ Kunming Huayi Hotel မှ စားဖိုမှူး Chen Haixing သည် လွန်ခဲ့သည့် (၁၂) နှစ်ခန့်က ထောပတ်သီးပါဝင်သောဟင်းလျာများကို စတင်စမ်းသပ်ခဲ့ကြောင်း၊ ထိုအချိန်က ဒေသတွင်း စားဖိုမှူးအများစုသည် ထောပတ်သီးကို ပူပူနွေးနွေးဟင်းလျာများအတွက်သာ အသုံးပြုကြပြီး နိုင်ငံခြားတွင် အေးသည့်ဟင်းလျာအတွက် အဓိကအသုံးပြုကြကြောင်း သိရှိရပါသည်။

အဆိုပါစားဖိုမှူးသည် ယခုအခါ ထောပတ်သီးများကို အေးသည့်ဟင်းလျာအဖြစ် ချက်ပြုတ်ရန်အတွက် ယူနန်ဒေသထွက် ခရမ်းချဉ်သီးများကို ပေါင်းထည့်လိုက်ကြောင်း၊ အဆိုပါပေါင်းစပ်မှုသည် ထောပတ်သီး၏ မူရင်းအရသာကို အကောင်းဆုံး ထုတ်ပေးနိုင်ပြီး စားသုံးသူများက လက်ခံစားသုံးသည်ကို Chen က သက်သေပြနိုင်ခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင် ထောပတ်သီးသည် ကျန်းမာရေးလိုက်စားသော တရုတ်လူမျိုးများ အထူးသဖြင့် အမျိုး သမီးထုအတွင်း ခေတ်စားလာသော သစ်သီးတစ်မျိုးဖြစ်၍ သစ်သီးဆိုင်များနှင့် e-commerce platform များပေါ်တွင် တွင်တွင်ကျယ်ကျယ်ရောင်းချလာသည်ကို တွေ့ရှိရပါသည်။ တရုတ်နိုင်ငံတွင် ထောပတ်သီးစားသုံးမှုသည် တဖြည်းဖြည်း ကျယ်ပြန့်လာသည့်အတွက် ဈေးကွက်ဝယ်လိုအား ဆက်လက်တိုးတက်လာမည့် အလားအလာရှိသော သစ်သီးတစ်မျိုးဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

 

 

Source: https://english.news.cn/20240111/b9612dace9d9454684101e19096d6d27/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)