Thailand

၂၀၂၀ ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးသွားသည့် ထိုင်းနိုင်ငံအတွက် Generalized System of Preferences (GSP) အား အသစ်ပြန်လည်ဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် အမေရိကန်နိုင်ငံနှင့် ဆွေး နွေးတောင်းဆိုခဲ့

Last Updated:

၂၀၂၀ ပြည့်နှစ်တွင် သက်တမ်းကုန်ဆုံးသွားသည့် ထိုင်းနိုင်ငံအတွက် Generalized System of Preferences (GSP) အား အသစ်ပြန်လည်ဆောင်ရွက်သွားရန် အမေရိကန်နိုင်ငံအနေဖြင့် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့သည်။

ဝန်ကြီးသည် အမေရိကန်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အတွင်းဝန် Mr. Gina Rainondo နှင့် ပို့ကုန်ကောင်စီ၏ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ဆွေးနွေးမှုတွင် မဟာဗျူဟာကျ မိတ်ဖက်ဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးကို ပိုမိုခိုင်မာစေရေး အခွင့်အလမ်းများကို  ဆွေးနွေးခဲ့ကြကြောင်း၊ အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (Indo-Pacific Economic Framework-IPEF) ၏ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်သဘောတူညီချက်အရ အမေရိကန်၊ ထိုင်းနှင့် အခြားသော အဖွဲ့ဝင်နိုင်ငံများအတွက် ရေရှည်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရရှိမည့် အကျိုးကျေးဇူးများအပေါ် ဆွေးနွေးခဲ့ကြပါကြောင်း၊ ထိုင်းပို့ကုန်လုပ်ငန်းရှင်များနှင့် အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးရရှိမည့် GSP ကို အသစ်ပြန်လည်ဆောင်ရွက်ရာ၌ အရှိန်မြှင့်တင်စေလိုကြောင်း ဝန်ကြီး က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ကုန်စည်အတုများနှင့် ခိုးကူးပစ္စည်းများကို ဖမ်းဆီးရန် သက်ဆိုင်ရာ န်ကြီးဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေပြီ  ဖြစ် သောကြောင့် အမေရိကန်နိုင်ငံ၏ ထိုင်းနိုင်ငံအပေါ် မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် စောင့်ကြည့်မှုကို ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ပါကြောင်း၊ ယင်းဆောင်ရွက်မှုအပေါ်ကိုလည်း အမေရိကန်အနေဖြင့် အသိအမှတ်ပြုပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေး ဝန်ကြီးဌာနများ အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံမှုတွင် Soft Power ဆောင်ရွက်ချက်များ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးမူဝါဒများ၊ တောင်သူများ၊ ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက် ကုန်ကျစရိတ်သက်သာစေရန်နှင့် ဝင်ငွေတိုးမြင့်စေမည့် နည်းလမ်းများ၊ ဒီဂျစ်တယ်ပိုက်ဆံအိတ်နှင့် လုပ်ငန်း ငယ်များ၏ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးခွင့်ရခဲ့ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များကို အသုံးချရန်နှင့် ပုဂ္ဂလိကကဏ္ဍတွင် စီးပွားရေးအခွင့်အလမ်းမြှင့်တင်ရာ၌ ကုန်သွယ်ရေးကို အဟန့်အတားဖြစ်စေသော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သွားမည် ဖြစ်ကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသဖြင့် အမေရိကန်၏ ခေတ်မီနည်းပညာများဖြစ်သော ဒီဂျစ်တယ်၊ ဉာဏ်ရည်တု၊ အီလက်ထရောနစ်၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ လျှပ်စစ်မော်တော်ကားများ၊ သန့်ရှင်းသော စွမ်းအင်၊ လေကြောင်းနှင့် ဆေးဝါးစက်ရုံများ၏ ထုတ်လုပ်မှုအခြေစိုက်အဖြစ် ထိုင်းနိုင်ငံသည် အဆင်သင့်ဖြစ်နေ ပြီဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၈.၃ ဘီလီယံရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ အဆင့် ၁ ပို့ကုန်ဈေးကွက်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၈.၉ ဘီလီယံရှိပါကြောင်း၊ အဓိက ပို့ကုန်များမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များ၊ ရာဘာထုတ်ကုန်များ၊ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ စသည်တို့ဖြစ်ကြောင်း၊ အဓိက တင်သွင်းကုန်များမှာ ရေနံစိမ်း၊ စက်ယန္တရားများ၊ လျှပ်စစ်ဆားကစ်ပြားများ၊ လေယာဉ်ပျံများ၊ ဖြတ်စက်များ၊ လေကြောင်းဆိုင်ရာ ပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအစိုးရသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခံစားခွင့်များရရှိနိုင်သည့် FTA နှင့် GSP ကဲ့သို့သော နည်းလမ်းများကို အသုံးချလျက်ရှိပါသည်။ နိုင်ငံ၏ ဦးစားပေးဆောင်ရွက်မည့် ကဏ္ဍ များကို မိတ်ဖက်နိုင်ငံများ၏ အားသာချက်ရှိသော ကဏ္ဍများနှင့် ချိတ်ဆက်ဆွေးနွေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတွင် အဟန့်အတားဖြစ်စေသော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ပြန်လည်သုံးသပ်၍ ပြင်ဆင်ရေးဆွဲနိုင်ရေး ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand