China (Kunming)

တရုတ်-လာအို မီးရထားလမ်းသည် ခရီးသည်ဦးရေ သန်း ၃၀ ကျော်အထိ ပို့ဆောင်ပေးနိုင်ခဲ့

Last Updated:

တရုတ်-လာအို မီးရထားသည် နှစ်နိုင်ငံ ခရီးသည်ဦီးရေ သန်း ၃၀ ကျော်နှင့် ကုန်ပစ္စည်း တန်ချိန် မက်ထရစ်တန် ၃၄ သန်းကျော်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံမှ လူနှင့် ကုန်စည် ဖြတ်သန်းသွားလာမှု အဆင်ပြေချောမွေ့စေသဖြင့် ရထားလမ်းတလျှောက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အသက်ဝင်စေသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ဖော်ဆောင်ပေးလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ ရထားလမ်းကို တည်ဆောက်ပြီး လုပ်ငန်းလည်ပတ်မှုကို ကြီးကြပ်ဆောင်ရွက်နေသည့် China State Railway Group ၏ ထုတ်ပြန်ချက်အရ တရုတ်-လာအို ရထားလမ်းသည် ခရီး သည် ၃၀ ဒသမ ၂ သန်းနှင့် နယ်စပ်ဖြတ်ကျော် ကုန်စည်တန်ချိန် ၇ ဒသမ ၈ သန်းကျော် အပါအဝင် ကုန်စည် တန်ချိန် ၃၄ ဒသမ ၂ သန်းကို သယ်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ခရီးသည်များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရထားလမ်းပိုင်းတစ်လျှောက်တွင် ရထားပြေးဆွဲမှု အကြိမ်ရေကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။ တရုတ်နိုင်ငံဘက်ခြမ်း၌ ပျမ်းမျှနေ့စဉ် ခရီးသည်တင် ရထားအရေအတွက်ကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် ၃၅ လိုင်းမှ ၅၁ လိုင်းအထိ တိုးချဲ့ခဲ့ပြီး နေ့စဉ်ခရီးသည် အရေအတွက်မှာ ၂၀,၀၀၀ မှ ၁၀၃,၀၀၀ ခန့်အထိ တိုးမြှင့် ပို့ဆောင်ပေးလျက်ရှိသည်။ လာအိုနိုင်ငံ၌လည်း နေ့စဉ် ရထားအကြိမ်ရေ ပျမ်းမျှ လေးစီးမှ ၁၂ စီးအထိ တိုးလာခဲ့ပြီး နေ့စဉ်ခရီးသည်အရေအတွက်မှာ ၇၂၀ မှ ၁၂,၈၀၈ ဦး အထိ မြင့်တက်လာခဲ့သည်။

ခရီးသည်များ လက်မှတ်ဝယ်ယူရာတွင် ပိုမိုလွယ်ကူစေရန်အတွက် အွန်လိုင်းနှင့် မိုဘိုင်း အက်ပလီကေးရှင်း (Mobile Application Ticket) လက်မှတ်စနစ်အား ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် မတ်လတွင် စတင်ခဲ့ပြီး အင်တာနက်အခြေခံ လက်မှတ်ရောင်းချမှုစနစ်နှင့် WeChat၊ Alipay၊ UnionPay၊ VISA နှင့် Onepay ကဲ့သို့သော ငွေပေးချေမှုနည်းလမ်းများကို ပံ့ပိုးပေးနိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် တရုတ်-လာအို မီးရထားသည် ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းတို့ကြား နိုင်ငံတကာ ခရီးသည်တင် ဝန်ဆောင်မှုကို စတင်ပေးခဲ့သည်။ ခရီးအကွာအဝေး ကိုးနာရီခွဲခန့် ကြာမြှင့်ပြီး နိုင်ငံတကာ ဝန်ဆောင်မှုအနေဖြင့် နိုင်ငံနှင့် ဒေသပေါင်း ၈၇ ခုမှ ခရီးသည်များ လာရောက်လည်ပတ်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသည် ၁၅၅,၀၀၀ ဦး ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

မကြာသေးမီကာလ၌ နိုင်ငံတကာ ဝန်ဆောင်မှုပေးနိုင်သည့် နောက်ထပ် ဘူတာရုံနှစ်ခု ဖြစ်သည့် တရုတ်နိုင်ငံရှိ Yuxi ဘူတာနှင့် လာအိုနိုင်ငံရှိ Muang Xay ဘူတာတို့တွင် ရပ်နားခဲ့ပြီး နယ်စပ်ဖြတ်ကျော် ပြေးဆွဲမှု၌ တရုတ်-လာအို ရထားလမ်း၏ ရပ်နားနိုင်သည့် ဘူတာ အရေအတွက်မှာ စုစုပေါင်း ၁၀ ခုအထိ ရှိလာခဲ့သည်။ တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ကုန်တင် ရထားများ နေ့စဉ်ပြေးဆွဲနေသည့် အရေအတွက်မှာလည်း စတင်ပြေးဆွဲမှုအစတွင် နှစ်စီးသာရှိပြီး ယခုအခါ် အစီး ၂၀ အထိ တိုးလာခဲ့သည်။ အဆိုပါ ရထားလမ်းသည် ယခုနှစ်တွင် နယ်စပ်ဖြတ်ကျော် ကုန်စည်တန်ချိန် ၁ ဒသမ ၀၆ သန်း ပို့ဆောင်ပေးနိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၃ ဒသမ ၉ ရာခိုင်နှုန်း မြှင့်တက်လာခဲ့သည်။

တရုတ်-လာအို ရထားလမ်းနှင့် တရုတ်-ဥရောပ ကုန်တင်ရထား ဝန်ဆောင်မှုများကို အသုံး ပြု၍ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံကဲ့သို့သော အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများအကြား ကုန်စည် ပို့ဆောင်မှုကို ၁၅ ရက်အတွင်း ပို့ဆောင်နိုင်မည်ဖြစ်သည်။ လာအိုလမ်းပိုင်းတွင် ပုံမှန် အမြန်ရထားသည် ဖေဖော်ဝါရီ ၂၀ ရက်မှစတင် ပြေးဆွဲလျက်ရှိပြီး ဗီယင်ကျန်းမြို့မှ တရုတ်နိုင်ငံ နယ်စပ်ရှိ ဘိုတန်မြို့အကြား ပါဆယ်ထုပ်များ သယ်ဆောင်ပေးခဲ့သည်။ ယနေ့ထိ စုစုပေါင်း ပါဆယ်အထုပ် ၁၅,၁၇၃ ထုပ်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ပါဆယ်ထုပ်များကို လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမှ နယ်စပ်မြို့ ဘိုတန်မြို့အထိ တစ်ရက်အတွင်း ပို့ဆောင်ပေးနိုင်ခဲ့သည်။

ကူမင်းမြို့ရှိ နိုင်ငံတကာ ခရီးသွားအေဂျင်စီတစ်ခု၏ ပိုင်ရှင်ဖြစ်သူ Wang Lijuan က နိုင်ငံ တကာ ခရီးသည်ဝန်ဆောင်မှုကို ၂၀၂၃ နှစ်က စတင်ဖွင့်လှစ်ချိန်မှစ၍ ထိုင်းနိုင်ငံမှ ခရီးသွား များ တရုတ်နိုင်ငံသို့ မီးရထားလမ်းဖြင့် ဝင်ရောက်မှု ပိုများလာကြောင်း၊ ယခင်က ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ခရီးသွားများအနေဖြင့် တရုတ်နိုင်ငံသို့ လည်ပတ်နိုင်ရန်အတွက် မြို့တော် ဘန်ကောက်အထိ သွားရောက်၍ လေယာဉ်ဖြင့် လာရောက်လည်ပတ်ရကြောင်း၊ ၎င်း၏ ကုမ္ပဏီသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် နိုင်ငံခြား ခရီးသွားများအတွက် အဓိက ဝန်ဆောင်မှုပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Belt and Road Initiative ၏ အထင်ကရ ပရောဂျက်တစ်ခုဖြစ်သော ၁,၀၃၅ ကီလိုမီတာ ရှည်လျားသည့် တရုတ်-လာအို မီးရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ရထားလမ်းသည် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ အင်ဒိုချိုင်းနား ကျွန်းဆွယ်ရှိ ကုန်းမြေဆက်သွယ်မှု ဗဟိုချက်တစ်အခုအဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။

 

 

အရင်းမြစ်။ http://en.people.cn/n3/2024/0315/c90000-20145504.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)