Thailand

ကာလတိုတွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က လမ်းညွှန်မှာကြား

Last Updated:

ထိုင်းနိုင်ငံအစိုးရအနေဖြင့် သီးနှံဈေးနှုန်းများအတွက် အာမခံချက်တစ်စုံတစ်ရာ မပေးထားသော်လည်း ဝန်ကြီးတာဝန် စတင်ထမ်းဆောင်သည့် ပထမ ရက် ၁၀၀ ကာလအတွင်း အဓိက မူဝါဒ ၇ ချက်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ၅၆ နိုင်ငံမှ စီးပွားရေးသံမှူးများအပါအဝင် ဌာနတွင်းအရာရှိများနှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ကတိပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြည်သူများ၏ ဖူလုံရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် ဆောင်ရွက်သွားမည့် အဓိကနယ်ပယ် ၇ ခုအတွက် လမ်းညွှန်ခဲ့ပါကြောင်း၊ မူဝါဒများမှာ ကုန်ကျစရိတ်လျှော့ချခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ပေးခြင်းဖြင့် ဝင်ငွေတိုးစေခြင်းနှင့် အခွင့်အလမ်းများချဲ့ထွင်ပေးနိုင်ခြင်း၊ စားသုံးသူများ၊ စိုက်ပျိုးရေးထုတ်ကုန်ထုတ်လုပ်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား ညီညွတ်မျှတစေခြင်း၊ ပြည်နယ်စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးရုံးများနှင့် စီးပွားရေးသံမှူးများအကြား ပူးပေါင်းဆောင်ရွက်စေခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်များ တိုးမြှင့်စေခြင်းတို့ ဖြစ်ပါသည်။

ကုန်သွယ်ရေးဆိုင်ရာ ဥပဒေကြောင်းအရအတားအဆီးများကို ဖြေရှင်းခြင်း၊ ဒီဂျစ်တယ် Wallet ရရှိမှုကန့်သတ်ထားသည့် နေရာများတွင် အဆင်ပြေစေရန် ဒီဂျစ်တယ် Wallet မူဝါဒကို အဆင့်မြှင့်တင်ခြင်း၊ ထိုင်းနိုင်ငံ၏ Soft power ကို အသုံးပြု၍ ပို့ကုန်မြှင့်တင်ခြင်း၊ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ၏ အကျိုးကျေးဇူးကိုမြှင့်တင်ခြင်းနှင့် နိုင်ငံအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ပေးခြင်း စသည့် မူဝါဒများလည်း ပါဝင်ပါသည်။

 စီးပွားရေးလုပ်ငန်းသစ်များ ခိုင်မာစေရန် အလားအလာကောင်းသော start-up များတွင် ရင်းနှီး မြှုပ်နှံခြင်းကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ချိတ်ဆက်ခြင်း ရန်ပုံငွေ (matching fund) ကို တည်ထောင်သွားရန် မျှော်မှန်းထားပါကြောင်း၊ ဈေးနှုန်းလျှော့ချရေးအတွက် ကုန်စည်ထုတ်လုပ်သူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အရေးပါသော ကုန်စည်များ၏ ကုန်ကျစရိတ်ပုံစံအတွက် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနကို စိစစ်သုံးသပ်ရန် လမ်းညွှန်ထားပါကြောင်း၊ ယခုလအတွင်း လျှပ်စစ်ဓာတ်အားခနှင့် ဒီဇယ်ဈေးနှုန်းများ လျှော့ချပြီးနောက် နေထိုင်မှုကုန်ကျလျှော့ချနိုင်ရေးအတွက် နည်းလမ်းရှာဖွေသွားမည် ဖြစ်ကြောင်း ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားပါသည်။

၂၀၂၃ ခုနှစ် နှစ်သစ်လက်ဆောင်အဖြစ် ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချနိုင်ရန်အတွက် အောက်တိုဘာလမှစ၍ ဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း၊ ဒီဂျစ်တယ် Wallet အတွက် ကွန်ယက်များနှင့် လမ်းကြောင်းရှာဖွေနိုင်‌ရေးအတွက် မိုဘိုင်းအရောင်းဆိုင်များနှင့် ချိတ်ဆက်ရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနကို ညွှန်ကြားထားပါကြောင်း၊ လယ်သမားများ၏ ဝန်ထုပ်ဝန်ပိုးများ သက်သာစေရန်နှင့် ဝင်ငွေတိုးတက်စေရန် လယ်ယာထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချနိုင်ရေး စိုက်ပျိုးရေး နှင့် သမဝါယမဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

ကုန်သွယ်ရေး ညှိနှိုင်းမှုများ၊ ပို့ကုန်နှင့် စီးပွားရေးလုပ်ငန်းကဏ္ဍကို ထောက်ပံ့ပေးရန်နှင့် နှစ်ကုန်ပိုင်းတွင် ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် လိုအပ်သော လုပ်ဆောင်ချက်များဆိုင်ရာ လမ်းညွှန်ချက်ထုတ် ပြန်နိုင်ရန် သက်ဆိုင်ရာဦးစီးဌာနများ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ထိ တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ ဝန်ကြီးအနေဖြင့် ပါဝင်တက်‌ရောက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားပါသည်။

ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနအနေဖြင့် အရေးကြီးသော လူသုံးကုန်များ၏ ကုန်ကျစရိတ် ပုံစံ ကို ၁၅ ရက်အတွင်း လေ့လာသုံးသပ်တင်ပြရမည်ဖြစ်ကြောင်း၊ အောက်တိုဘာလအစတွင် ဈေးနှုန်း လျှော့ချသည့် ကုန်စည်စာရင်းကို ထုတ်ပြန်သွားရန် ရည်မှန်းထားပါကြောင်း၊ လယ်ယာထုတ်ကုန်များ နှင့် စပ်လျဉ်း၍ တိကျသော အစီအစဉ်များ မရှိသေးပါကြောင်း ဒုတိယဝန်ကြီး Mr. Napintorn Srisun-pang က ပြောကြားပါသည်။    

 

 

Source: www.bangkokpost. gov  

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand