USA

ဂျာမန်စီးပွားရေးကျဆင်းနေမှုအပေါ် ဒုတိယဝန်ကြီးချုပ် Robert Habeck က ကာကွယ်ပြောဆို

Last Updated:

ဂျာမနီနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးဖြစ်သော Mr. Robert Habeck သည်  ၆-၉-၂၀၂၃ ရက်က ပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေး၌ ကမ္ဘာ့စီးပွားရေးတွင် ဂျာမနီ၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့်စပ်လျဉ်း၍ ကာကွယ်ပြောဆိုခဲ့ပါသည်။

ဂျာမန်အစိုးရသည် ၂၀၂၄ ခုနှစ်အတွက် အဆိုပြုဘတ်ဂျက်ကို ၅-၉-၂၀၂၃ ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့ရာ ယင်းဘတ်ဂျက်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလျက်ရှိကြပြီး၊ ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner ကလည်း ဂျာမနီနိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုကို တိုးမြင့်ကန့်သတ်ရန် လိုအပ်သည့်အတွက် ဘတ်ဂျက်ဖြတ်တောက်မှုများ ဆောင်ရွက်ခဲ့ရကြောင်း ကာကွယ်ပြောဆိုခဲ့သည်။

ဂျာမနီတွင် ပြည်တွင်း၌ အကြောင်းအမျိုးမျိုးအပေါ်အခြေခံ၍ ဖြစ်ပေါ်နေသော ပထဝီဝင်နိုင်ငံရေး အခြေအနေများနှင့် ဆက်စပ်နေသည့် ပြဿနာများရှိနေသော်လည်း ယင်းပြဿနာများက အရာအားလုံးကို ဆိုးရွားသွားစေလိမ့်မည် မဟုတ်ကြောင်း Habeckက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အလွန်ဆွဲဆောင်မှုရှိပြီး ခိုင်မာသည့်နေရာကောင်းတစ်ခုဖြစ်သဖြင့် အတိတ်ကာလ၏ လျော့ရဲအားနည်းနေသော စီးပွားရေးအခြေအနေများမှ ရုန်းထွက်ပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသစ်တဖန် ပြန်လည်စတင်ကြမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဂျာမန်လူမျိုးများတွင် ပူးပေါင်းဆောင်ရွက်မှု စိတ်ဓာတ်ရှိကြသည့်အတွက် ဝန်ကြီးချုပ် Olaf Scholz ၏ အားလုံးစည်းလုံးညီညွတ်စွာ သဘောတူညီကြ၍ Germany Pact အဖြစ် ဆောင်ရွက်ရေးအကြံပြုချက်ကို လက်ခံလိုက်နာကြရန် လွှတ်တော်အမတ်များအား Habeck က တိုက်တွန်းခဲ့ပါသည်။

ဝန်ကြီးချုပ် Scholz က ဂျာမန်ဒီမိုကရက်တစ်ပါတီများကို ၆-၉-၂၀၂၃ ရက်က အကြံပြုတိုက်တွန်း ပြောကြားရာတွင် ဂျာမနီနိုင်ငံကို ခေတ်မီအောင် အတူတကွလုပ်ဆောင်သွားကြရန်၊ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အချိန်တိုအတွင်း အရှိန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် စီးပွားရေး အကျပ်အတည်းကိုတိုက်ဖျက်သွားရန်ဟူသည့်အချက်များပါရှိပြီး၊ ဂျာမနီကို ပိုမိုမြန်ဆန်၊ ခေတ်မီပြီး လုံခြုံမှုရှိစေရေးအတွက် တမျိုးသားလုံးပါဝင်သော ကြိုးပမ်းအားထုတ်မှု အသစ်တစ်ရပ်ကို ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တောင်းဆိုခဲ့သည်။

တစ်ချိန်တည်းတွင်အစိုးရ၏ တရားဝင်စာရင်းအင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်သော (Destatis) ၏ ကိန်းဂဏန်းအချက်အလက်များအရ ဂျာမန်စက်မှုလုပ်ငန်းများမှထုတ်လုပ်မှုသည် ယခင်လ (ဇွန်လ) နှင့်နှိုင်းယှဉ်ပါက ဇူလိုင်လတွင် ၀.၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။ ဇွန်လတွင် ၁.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း မှတ်တမ်းတင်ထားသည့်အတွက် ထုတ်လုပ်မှုကျဆင်းခြင်းကို တတိယလအဖြစ် ဆက်လက်တွေ့မြင်နေခဲ့ရပါသည်။

ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမှုတို့က ဂျာမန်စီးပွားရေးကိုထိခိုက်စေသည့်အပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းစီးပွားရေး အားနည်းလာမှုကလည်း ဂျာမန်ပို့ကုန်များအပေါ် ဝယ်လိုအား ကျဆင်း သွားစေခဲ့သည်။

ဂျာမန်စီးပွားရေးသည် ယခုနှစ်အစောပိုင်းတွင် ဆုတ်ယုတ်ကျဆင်းသွားခဲ့ရာမှ နောက်ပိုင်းတွင် ပြန်လည် ရပ်တန့်သွားခဲ့သည်။ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၂၀၂၃ ခုနှစ်အတွက် ဂျာမနီသည် Major Advanced Economies (G7) နိုင်ငံများထဲမှ တစ်ခုတည်းသော စီးပွားရေးကျုံ့နိုင်သည့် နိုင်ငံဖြစ်လိမ့်မည်ဟု ခန့်မှန်းထားပါသည်။ အလားတူပင် မြူးနစ်အခြေစိုက် IFO ၏ အကြံပေးအဖွဲ့ကလည်း ဂျာမနီ၏ စီးပွားရေး ပြန်လည်ဦးမော့လာရန် ယခင်မျှော်မှန်းထား သည်ထက် ပိုမိုကြာမြင့်လိမ့်မည်ဟု ၇-၉-၂၀၂၃ ရက်က ခန့်မှန်းထားခဲ့ပါသည်။

ဒုတိယနှစ်ဝက်တွင် စီးပွားရေး ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မျှော်မှန်းထားမှုများနှင့် ဆန့်ကျင်စွာ လက်တွေ့တွင် စီးပွားရေး ပြန်လည် ဦးမော့လာနိုင်ဖွယ်မရှိကြောင်း IFO ၏ စီးပွားရေး သုတေသနအကြီးအကဲဖြစ်သူ Timo Wollmershäuser က ဘာလင်တွင် ပြောကြားခဲ့သည်။ စီးပွားရေးနှေးကွေးမှုမှာ ဆက်လက်ဖြစ်ပေါ်နေပြီး ကဏ္ဍအားလုံးနီးပါး ကျဆင်းမှုဘက်သို့ ဦးတည်နေသည်ဟု ၎င်းက အလေးအနက်ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း တဖြည်းဖြည်းကျဆင်းလာသည်နှင့်အမျှ အိမ်ထောင်စုများ၏ အသားတင်ဝင်ငွေတိုးပွားလာမှုမှာ ဆက်လက်အားကောင်းနေမည်ဖြစ်ပြီး ဝယ်ယူနိုင်စွမ်းအားတိုးလာခြင်းသို့ ဦးတည်သွားလိမ့်မည်ဟု Wollmershäuser က ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်အတွက် ဂျာမနီ၏ စီးပွားရေးအား ဇွန်လတွင် ခန့်မှန်းခဲ့သည့် ၁.၅ ရာခိုင်နှုန်းအောက် အနည်းငယ်လျော့နည်းကာ ၁.၄ ရာခိုင်နှုန်းခန့်တိုးလာနိုင်လိမ့်မည်ဟု မျှော်မှန်းထားမှုရှိခဲ့ကြသည်ဟု IFO Institute ကပြောကြားခဲ့ပြီး၊ IFO အနေဖြင့်မူ ယခုနှစ်၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၀.၄ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ရာခိုင်နှုန်းအထိ ရောက်ရှိသွားလိမ့်မည်ဟု ခန့်မှန်းထားကြောင်းနှင့် အိမ်ထောင်စုအလိုက် စားသုံးမှုများနှင့်စပ်လျဉ်းပြီး ပိုမိုအပြုသဘော ဆောင်သော တိုးတက်သည့် အလားအလာများရှိကြောင်း IFO က ဖော်ပြထားပါသည်။

ဂျာမနီ၏ ဘတ်ဂျက်လိုငွေပြမှုသည် ယခုနှစ်တွင် ယူရို ၉၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၈.၅ ဘီလီယံ) ရှိနေရာမှ လာမည့်နှစ်တွင် ယူရို ဘီလီယံ ၈၀ ခန့်အထိ တဖြည်းဖြည်း ကျဆင်းသွား လိမ့်မည်ဟု IFO Institute က ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source:       https://www.dw.com/en/habeck-defends-german-economy-as-output-drops/a-66744653

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: USA