Thailand

အယ်လ်နီညိုသက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် အထူးအဖွဲ့ ဖွဲ့စည်းရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့

Last Updated:

အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်နှင့်စပ်လျဉ်းသည့် သက်ရောက်မှုများကို ဖြေရှင်းတုန့်ပြန်ရန်အတွက် အထူးကော်မတီတစ်ခုကို ဖွဲ့စည်းဆောင်ရွက်သွားရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် Mr. Srettha Thavisin က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ကော်မတီအနေဖြင့်  ပြည်နယ်အသီးသီးတွင် အ‌ရေးပေါ် အခြေအနေအဖြစ် ကြေညာနိုင်သည့် ဖြစ်နိုင်ချေများကို လေ့လာသုံးသပ်ရန်ဖြစ်ကြောင်း၊ ပုံမှန်ဘတ်ဂျက်ခွဲဝေမှု မလုံလောက်သဖြင့် စောင့်ဆိုင်းနေသည့်ကာလအတွင်း တုန့်ပြန်မှုအစီအမံများကို အလျင်အမြန်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆည်များနှင့် မြေအောက်ရေသိုလှောင်ကန်များ တည်ဆောက်ရန်အတွက် ဘတ်ဂျက် လုံလောက်မှု ရှိသော ဒေသဆိုင်ရာ အာဏာပိုင်များက အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာနိုင်ပါကြောင်း အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ Dr. Chai Wacharonke က ပြောကြားပါသည်။

အယ်လ်နီညို၏ သက်ရောက်မှုများကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုသည့် အစီရင်ခံစာကို အစိုးရအဖွဲ့အနေဖြင့် ရရှိပြီးဖြစ်ကြောင်း၊ အယ်လ်နီညိုသည် နောင် ၃ နှစ်အထိ ကြာရှည်နိုင်ကြောင်း၊ ထိုင်းနိုင်ငံတွင် ယင်းအခြေအနေအတွက် ကောင်းမွန်သော အစီအစဉ်များမရှိပါက ဆုံးရှုံးနိုင်မှုတန်ဖိုး သည် အနည်းဆုံး ဘတ် ၆ ဘီလီယံမှ ဘတ် ၂ ထရီလီယံအထိ ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြား ပါသည်။

ထိုင်းနိုင်ငံသည် ပင်လယ်စာထုတ်ကုန်တွင် အများဆုံးတင်ပို့သူဖြစ်ခဲ့ပါကြောင်း၊ လုပ်ခလစာ အပါအဝင် အကြောင်းအရင်းအချို့ကြောင့် ယင်းနေရာကို ဆုံးရှုံးခဲ့ရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ထိပ် တန်းနေရာပြန်လည်ရောက်ရှိနိုင်ရန် ငါးဖမ်းကဏ္ဍအတွက် ပြန်လည်ရေးဆွဲထားသည့် အစီအစဉ်ကို အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Phumtham Wechayachai ဦးဆောင်မည့် ကော်မတီအနေဖြင့် ရေရှည်တည်တံ့သော ငါးဖမ်းကဏ္ဍဖြစ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Dr. Chai က ဖြည့်စွက်ပြောကြားပါသည်။

အယ်လ်နီညိုသက်ရောက်မှုအများဆုံးဖြစ်နိုင်သည့် ပြည်နယ်များကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဆိုပါ သက်ရောက်မှုသည် လယ်ယာကဏ္ဍသာမက တောင်သူများ၏ ဝင်ငွေ၊ အစားအစာ လုံခြုံမှု၊ ဈေးနှုန်းများနှင့် ထုတ်လုပ်မှုအပေါ်တွင် ဖြစ်နိုင်ကြောင်း Thai Future Food Trade Association ၏ ဥက္ကဋ္ဌ Mr Visit Limlurcha က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand