ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး Piyush Goyal က အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (ITPO) အား အထင်ကရနိုင်ငံတကာကုန်စည်ပြပွဲကြီးကို နှစ်စဉ် ၂ ကြိမ် ကျင်းပနိုင်ရေးစဉ်းစားရန်အကြံပြုခဲ့ပြီး အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယားနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများကဲ့သို့သော ကမ္ဘာ့အခြားဒေသများတွင်လည်း အိန္ဒိယနိုင်ငံ၏ ကုန်စည်ပြပွဲများကျင်းပနိုင်ရေးကို စတင်ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ထိပ်တန်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေသော ITPO သည် ၁၄ ရက်ကြာ ကျင်းပပြုလုပ်သည့် ၎င်း၏ အထင်ကရ ပြပွဲတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံတကာကုန်စည်ပြပွဲ (India International Trade Fair (IITF)) ကို နှစ်စဉ်နိုဝင်ဘာလတွင် ကျင်းပလျှက်ရှိသည်။
Bharat Mandapam ၌ ကျင်းပပြုလုပ်သည့် ၄၃ ကြိမ်မြောက် IITF ကုန်စည်ပြပွဲတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ယခုကုန်စည်ပြပွဲကို တစ်နှစ်လျင် ၂ ကြိမ်နှစ်စဉ်ကျင်းပနိုင်ရေး စဉ်းစားဆောင်ရွက်ရန်နှင့် ယင်းသည် အိန္ဒိယ၏ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာပိုင်းဆိုင်ရာအားကောင်းမှု၊ အိန္ဒိယမှကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုကြီးထွားလာမှုနှင့် အိန္ဒိယ၏အရည်အသွေးမြင့်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြုမှုကို ထင်ဟပ်နိုင်ကြောင်းနှင့် အိန္ဒိယနှင့် နိုင်ငံရပ်ခြားမှပြခန်းပေါင်း 3,500 ကျော်ပါဝင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဝန်ကြီးက Bharat Tex၊ Bharat Mobility နှင့် World Food Fair ကဲ့သို့သော နိုင်ငံတကာပြပွဲကြီးများကို တစ်နေရာတည်းတွင် စုစည်းပြသနိုင်စေရန် ထပ်လောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးဌာနသည် ပြပွဲကျင်းပရာနေရာများဖြစ်သည့် Bharat Mandapam၊ Yashobhoomi နှင့် Noida အဆောက်အအုံများကိုလည်း ထပ်မံတိုးချဲ့ရန် စဉ်းစားနေသည်ဟုပြောကြားခဲ့သည်။
ကုန်စည်ပြပွဲများသည် start up လုပ်ငန်းများ၏ ဈေးကွက်ရှာဖွေရေးအတွက် အဓိကနေရာဖြစ်သကဲ့သို့ ဈေးကွက်ရရှိပြီးကုန်စည်များအတွက်လည်း ဈေးကွက်ချဲ့ထွင်နိုင်ရေးချိတ်ဆက်မှုများ ဆောင်ရွက်ရန်အကောင်းဆုံးနေရာများဖြစ်သဖြင့် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့၏ ပြည်တွင်းလုပ်ငန်းရှင်များအားလုံးပါဝင်နိုင်စေရန် အထောက်အပံ့မျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်း၊ပြည်ပ ကုန်စည်ပြပွဲများတွင် မြန်မာ့ထုတ်ကုန်ပစ္စည်းများပိုမိုပါဝင်ပြသနိုင်ရေးအတွက် အစိုးရမှအထောက်အပံ့များ ပံ့ပိုးအကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။
Source: Consider two annual editions of international trade fair: Piyush Goyal tells ITPO, The Economic Times, 29 October, 2024.
စီးပွားရေးသံမှူး၊ နယူးဒေလီမြို့