India (Delhi)

ကြိတ်ခွဲမှုနှောင့်နှေးခြင်းကြောင့် အိန္ဒိယသကြားအထွက်နှုန်းသည် ၂၀၂၄-၂၅ ခုနှစ် ရာသီအစောပိုင်းတွင် ၄၄% ကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် ၂၀၂၄-၂၅ ရာသီ၏ ပထမခြောက်ပတ်တွင် တန်ချိန် ၇.၁ သိန်းသာထွက်ရှိခဲ့သဖြင့် ပြီးခဲ့သည့်နှစ်ကာလတူကာလထွက်ရှိမှု တန်ချိန် ၁၂.၇၀ သိန်းနှင့် နှိုင်းယှဉ်ပါက ၄၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း အမျိုးသားသမဝါယမသကြား စက်ရုံများအဖွဲ့ချုပ် (NFCSFL) က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယခင်နှစ်က သကြားစက်ရုံ ၂၆၄ ခု လည်ပတ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ သကြားစက် ၁၄၄ ရုံသာလည်ပတ်နိုင်ခဲ့ကြောင်း   NFCSFL  က ထုတ်ပြန်ထားသည်။

အိန္ဒိယ၏ ထိပ်တန်းသကြားထုတ်လုပ်သော ပြည်နယ်သုံးခုအနက်မှ တစ်ခုဖြစ်သော Maharashtra ပြည်နယ်သည် သကြားကြိတ်ခြင်းလုပ်ငန်းကို စတင်ခြင်းမရှိသေးကြောင်းနှင့်  ယမန်နှစ်က အလားတူကာလတွင် ပြည်နယ်အတွင်း သကြားစက် ၁၀၃ လုံး လည်ပတ်ခဲ့ကြောင်းသိရှိရသည်။

Karnataka ပြည်နယ်တွင် သကြားစက် ၄၀ လုံးသာလည်ပတ်ခဲ့ပြီး လွန်ခဲ့သည့်နှစ်က တန်ချိန် ၅၃.၇၅ သိန်း ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၂၆.၂၅ သိန်းသို့ ကျဆင်းခဲ့ကြောင်း၊ ယခုကာလအတွင်း Uttar Pradesh တွင်လည်း  သကြားစက်ရုံ ၈၅ ခုသာ လည်ပတ်နိုင်သေးကြောင်းသိရှိရသည်။

၂၀၂၄-၂၅ ရာသီအတွက် စုစုပေါင်းသကြားထုတ်လုပ်မှုသည် ယခင်ရာသီတွင် တန်ချိန် ၃၁၉ သိန်းမှ ယခုနှစ်တွင် တန်ချိန် ၂၈၀ သိန်းသို့ ကျဆင်းသွားနိုင်ကြောင်း NFCSFL က ခန့်မှန်းထား သည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့သကြားဒုတိယအများဆုံးထွက်ရှိသည့် အိန္ဒိယနိုင်ငံတွင် သကြားအထွက်နှုန်းကျဆင်းခြင်းသည် ကမ္ဘာ့သကြားဈေးကွက်အပေါ် သက်ရောက်မှုများရှိလာနိုင်ပြီး မြန်မာသကြားများအတွက်လည်း ဈေးကွက်အခွင့်အလမ်းများရရှိလာနိုင်သဖြင့် လေ့လာစောင့်ကြည့်သင့်ပါသည်။

Source: Kharif output may be better than last year’s, The Economic Times, 5 November, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: India (Delhi)