Thailand

ထိုင်းနိုင်ငံ၌ အနည်းဆုံး လုပ်ခလစာတိုးမြှင့်ပေးခြင်းသည် ကုန်စည်ဈေးနှုန်းများ မြင့်တက်စေရေး အတွက်မဟုတ်

Last Updated:

ထိုင်းနိုင်ငံ၌ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးခြင်းသည် ပြည်တွင်းကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများ မြင့်တက်ခြင်းအပေါ် သက်ရောက်မှုမရှိစေပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ထောက်ခံပြောကြားခဲ့သည်။

သုံးပွင့်ဆိုင်လုပ်ခလစာကော်မတီမှ တိုးမြှင့်ပေးရန် သဘောတူညီခဲ့သည့် အနည်းဆုံးလုပ်ခ လစာ၏ ငွေကြေးဖောင်းပွမှုနှုန်းအပေါ် သက်ရောက်မှုကို တွက်ချက်ကြည့်ရာတွင် တစ်နေ့ အနည်းဆုံး လုပ်ခလစာသည် ၃၄၅ ဘတ် (၂.၃၇ ရာခိုင်နှုန်း) ဖြစ်ပါက ငွေကြေးဖောင်းပွမှုနှုန်းကို ၀.၁၃-၀.၂၅ ရာခိုင်နှုန်းထိ မြင့်တက်သွားစေပါကြောင်း၊ ယင်းသက်ရောက်မှုသည် စက်ရုံတစ်ခုချင်းစီ၏ လုပ်သားအင်အားအပေါ် မူတည်၍ ပြောင်းလဲနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လုပ်သားကုန်ကျစရိတ်မြင့်မားသော စက်ရုံများအနေဖြင့် ကုန်ကျစရိတ်များကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ ယှဉ်ပြိုင်မှု မြင့်မားသည့် ထုတ်ကုန်များသည် အနည်းဆုံး ဈေးနှုန်းချိန်ညှိ မှုလိုအပ်ကြောင်း၊ ထုတ်လုပ်သူများ သို့မဟုတ် စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများသည် စားသုံးသူများထံ ဈေးနှုန်းမြင့်မားမှုမရောက်ရှိစေရေး ကုန်ကျစရိတ်သက်သာသည့် နည်းပညာများကို ဦးစားပေးအသုံးပြုရန် လိုအပ်ကြောင်း အကြံပြုထားပါသည်။

ဈေးနှုန်းချိန်ညှိရန်လိုအပ်သည့် ထိပ်တန်းထုတ်ကုန်နှင့် ဝန်ဆောင်မှု ၅ မျိုးမှာ ပြုပြင်ပြီး အစားအစာ၊ ဆန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုများ၊ လတ်ဆတ်ဟင်းသီးဟင်းရွက်များနှင့် အသီးများ ဖြစ်ပါကြောင်း၊ ယင်းထုတ်ကုန်များသည် ငွေကြေးဖောင်းပွမှုနှုန်းတွက်ချက်ရာတွင် ပါဝင်မှုအများဆုံးဖြစ်ပြီး လုပ်သားအင်အားများသည့် ထုတ်လုပ်မှုကဏ္ဍဖြစ်ကြောင်း၊ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ခြင်း ကြောင့် လုပ်ခနည်းသည့် အလုပ်သမားများ၏ ဝယ်ယူမှုစွမ်းအား မြင့်တက်လာနိုင်ပြီး ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုနည်းနိုင်ကြောင်း၊ မှန်ကန်သောချိန်ညှိမှုအဖြစ် မှတ်ယူနိုင်ကြောင်း Mr. Poon-pong က သုံးသပ်ထားပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ သင့်တင့်သော ဈေးနှုန်းများ ဖြစ်စေရေးအပေါ် စောင့်ကြည့်နေပါကြောင်း၊ လာမည့်နှစ်အတွက် ငွေကြေးဖောင်း ပွမှုနှုန်းသည်(-) ၀.၃ ရာခိုင်နှုန်းမှ (-) ၁.၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အစိုးရ၏ ထောက်ပံ့ပေးမှုများ၊ အဓိက ကုန်စည်များအပေါ် ဈေးနှုန်းသတ်မှတ်ချက်၊ ကမ္ဘာ့စီးပွားရေးနှေးကွေးလာမှု၊ စားသုံးသူသုံးစွဲမှုကို ကန့်သတ်ထားသည့် အိမ်ထောင်စုကြွေးမြီမြင့်မားလာမှုတို့သည် ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းရခြင်း၏ အကြောင်းအရင်းများဖြစ်ကြောင်း ဖြည့်စွက်သုံးသပ်ထားသည်။

ငွေကြေးဖောင်းပွမှုဖြစ်စေသည်မှာ ဝက်သားဈေးနှုန်းများ ပုံမှန်ဖြစ်လာခြင်း၊ လုပ်အားခ ပြောင်းလဲမှုကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာခြင်း၊ အတိုးနှုန်းမြင့်မားလာခြင်း၊ ထိုင်းနိုင်ငံ စီးပွား ရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် ဝင်ငွေတိုးမြှင့်စေရေးအတွက် အစိုးရ၏ အစီအမံများနှင့် ဝယ်ယူမှုစွမ်းအားတို့ဖြစ်ကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ဘတ်ငွေတန်ဖိုးအတက်အကျဖြစ်ခြင်းနှင့် ဈေးနှုန်းကို သက်ရောက်စေမည့် အစိုးရ၏ အစီအမံများသည် ငွေကြေးဖောင်းပွမှုအတွက် အန္တရာယ်ရှိသော အချက်များဖြစ်သည်ကိုလည်း Mr. Poonpong က သုံးသပ်ထားပါသည်။

 

 

Source: www.bangkokpost. gov၊  

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand