USA

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ‘Soft Landing’ အခြေအနေသို့ ရောက်ရှိနေပြီဟု ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen ပြောကြား

Last Updated:

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်ကာ စီးပွားရေးနှေးကွေး မသွားနိုင်သည့် ‘Soft Landing’ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ပြောကြားခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၁၂-၁၃-၂၀၂၃ ရက်နေ့တွင် “Yellen Says U.S. Economy on Path to Soft Landing” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။  

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ငွေကြေးဖောင်းပွမှုကို လျော့နည်းစေကာ စီးပွားရေးနှေးကွေးမှုမှ သွေဖယ်၍ ‘Soft Landing’ အခြေအနေသို့ ရောက်ရှိနေပြီး၊ အလုပ်သမားဈေးကွက်လည်း ပိုမိုခိုင်မာလျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ပြောကြားခဲ့ကြောင်း၊ အလုပ်သမားဝန်ကြီးဌာန၏ နိုဝင်ဘာလတွင် ထုတ်ပြန်ချက်အရ စားသုံးသူဈေးဆနှုန်း (CPI) သည် တည်ငြိမ်လာခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုသည်လည်း အမေရိကန်ဗဟိုဘဏ်၏ မျှော်မှန်းချက် ဖြစ်သည့် (၂) ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်ဟု အချက်အလက်များအရ သိရှိရပါကြောင်း၊ အမေရိကန်နိုင်ငံသားများအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းစေရန် ငွေကြေးဖောင်းပွမှုကိုလည်း လျော့ကျစေလိုကြကြောင်း၊ အစိုးရအနေဖြင့်လည်း စီးပွားရေးတည်ငြိမ်စေကာ အလုပ်သမား ဈေးကွက်တိုးတက်ပြီး အလုပ်အကိုင် အပြည့်အဝခန့်ထားနိုင်ခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို လျော့ကျစေရန်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေးအခြေအနေ ကောင်းမွန်လာခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေနိုင်သေးသည်ဟု အမေရိကန်နိုင်ငံသားအများစုက ထင်မြင်ယူဆလျက်ရှိကြကြောင်း၊ ဤသို့ထင်မြင်ကြသည်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ သက်ရောက်မှုနှင့် ကုန်ဈေးနှုန်းများမြင့်တက်၍ ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို လျော့ချရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘဏ္ဍာရေး ဝန်ကြီး Ms. Janet Yellen က အတိုးနှုန်းမြင့်မားခြင်းကြောင့် အစိုးရ၏ ချေးငွေစရိတ်မြင့်မားစေကာ ဘဏ္ဍာငွေသုံးစွဲမှုအပေါ် သက်ရောက်မှုများရှိစေကြောင်းဖြင့် ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီး Ms. Janet Yellen က ပြောကြားခဲ့သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ငွေကြေးဖောင်းပွမှုတည်ငြိမ်လာကာ စီးပွားရေးနှေးကွေးမသွားနိုင်သည့် ‘Soft Landing’ အခြေအနေသို့ ရောက်ရှိနေပြီဆိုသည့်အချက်အား အမေရိကန်စီးပွားရေးပညာရှင်များအကြား အငြင်းပွားစရာ ကိစ္စရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း၊ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ‘Soft Landing’ ဟုတာဝန်ခံသုံးနှုန်းထားသဖြင့် စီးပွားရေးအတွက် ယင်းကျဆင်းသည့်အနေအထားကို တာဝန်ခံထားခြင်းဖြစ်သည်ဟု သုံးသပ်ရပါသည်။ 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA