Thailand

ထိုင်းနိုင်ငံအတွင်းရှိ လျှပ်စစ်မော်တော်ကား (Electric Vehicles –EV) ထုတ်လုပ်သူများအားလုံးအပေါ် အစိုးရ၏ တူညီသော ထောက်ပံ့မှုရလိုကြောင်း ဥရောပ၊ အမေရိကန်နှင့် တောင်ကိုရီးယား မော်တော် ကားထုတ်လုပ်သူများက တောင်းဆို

Last Updated:

တရုတ်နှင့် ဂျပန်နိုင်ငံမှ ပြိုင်ဘက်များက အသာစီးရနေသောကြောင့် ထိုင်းအစိုးရ၏ လျှပ်စစ်မော်တော်ကားမြှင့်တင်ရေးမူဝါဒသည် EV ထုတ်လုပ်သူများအားလုံးအတွက် အပြန်အလှန် အကျိုးရှိစေရေးကို သေချာစေလိုကြောင်း၊ ဥရောပ၊ အမေရိကန်နှင့် တောင်ကိုရီးယား မော်တော်ကားထုတ်လုပ်သူ များက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ပြည်တွင်း EV ဈေးကွက်တိုးတက်ရေးကို အားဖြည့်ပေးမည့် ၎င်းတို့၏ EV ရောင်း အားနှင့် ထောက်ပံ့မှုကွင်းဆက်ကို အစိုးရအနေဖြင့် ထောက်ပံ့ပေးရန် တောင်းဆိုကြကြောင်း၊ ယင်း နိုင်ငံများက တရုတ်နှင့် ဂျပန်ကားကုမ္ပဏီများသည် အကျိုးကျေးဇူးများစွာ ခံစားရနေသည်ဟု ထင်မြင်နေကြကြောင်း၊ အစိုးရအနေဖြင့် မော်တော်ကားကုမ္ပဏီများအားလုံးအပေါ် တူညီသော ထောက်ပံ့မှုပေးပါကြောင်း၊ ဥရောပ၊ အမေရိကန်နှင့် တောင်ကိုရီးယား မော်တော်ကားကုမ္ပဏီများက ထိုင်းနိုင်ငံတွင် EV နည်းပညာကို ရင်းနှီးမြှုပ်နှံရန်နှင့် ထုတ်လုပ်မှု လုပ်ငန်းများကို ချဲ့ထွင်လိုကြကြောင်း စက်မှုဝန်ကြီးဌာနဝန်ကြီး Ms. Pimphattra က ပြောကြားခဲ့သည်။

အမေရိကန်တွင် ကျင်းပခဲ့သည့် Roadshow ကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများက ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြပါကြောင်း၊ ပြီးခဲ့သည့်လက EV မက်လုံးပေးအစီအစဉ် EV 3.5 ကို အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ထောက်ပံ့ငွေ၊ အလုံးစုံတပ်ဆင်ပြီးသော မော်တော်ကားများအတွက် တင်သွင်းခွန်များ လျှော့ချပေးခြင်းတို့အပါအဝင် ၃၄.၁ ဘီလီယံ သုံးစွဲသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

တရုတ်နှင့် ဂျပန်ကားကုမ္ပဏီများသည် အခြားသော ကုန်သွယ်ရေးခံစားခွင့်များမှ အကျိုးကျေးဇူးရရှိခြင်းဖြစ်ကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်သည် တရုတ်ကုန်ပစ္စည်းများ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခြင်းကို အထောက်အကူပြုပါကြောင်း၊ ဂျပန်သည်လည်း ဂျပန်-ထိုင်း စီးပွားရေးမိတ်ဖက်သဘောတူစာချုပ်ရှိသဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူပြုပါကြောင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို အထောက်အကူပြုမည့် ကုန်သွယ်ရေးသဘောတူစာချုပ်များ ညှိနှိုင်းနိုင်ရေး ဥရောပနှင့် အမေရိကန်နိုင်ငံတို့ကို ဖိတ်ခေါ်လိုကြောင်း၊ ထိုင်းနိုင်ငံ၏ ဈေးကွက်သည် ကြီးမားလာသဖြင့် ထိုင်းနိုင်ငံသို့ EV ကုမ္ပဏီများ များစွာဝင်ရောက်လာနိုင်ကြောင်း စက်မှုလက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Surapong Paisit-patanapong က သုံးသပ်ပြောကြားပါသည်။

မြန်မာနိုင်ငံသည်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် FTA အကျိုးခံစားခွင့်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အထောက်အကူပြုနိုင်ပါသည်။ ထို့ပြင် အလားအလာရှိသော မိတ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံ FTA များ ရေးထိုးနိုင်ရေး ဆောင်ရွက်သင့်ကြောင်း သုံးသပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand