Thailand

ထိုင်းနိုင်ငံအစိုးရက ဆန်တင်ပို့ရေးဆိုင်ရာ မဟာဗျူဟာအသစ်များ ကြိုးပမ်းလျက်ရှိ         

Last Updated:

အင်ဒိုနီးရှားနိုင်ငံသို့ အစိုးရအချင်းချင်း (G-to-G) ပုံစံဖြင့် ဆန်ကုန်သွယ်မှုကို ချဲ့ထွင်ခြင်းဖြင့် တန်ချိန် ၁ သန်း ရောင်းချနိုင်ရေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နှင့်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားက ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သန်း ဝယ်ယူတင်သွင်းမည်ဟု ဆွေးနွေးခဲ့ကြောင်း၊ ၁ သန်းကို အစိုးရအချင်းချင်းပုံစံနှင့် ၁ သန်းကို ပုဂ္ဂလိကအချင်းချင်း ညှိနှိုင်းမှုပုံစံဖြင့် ဝယ်ယူမည် ဖြစ်ကြောင်း၊ အစိုးရ၏ သဘောထားအရ ဝယ်သူထံသို့ ဈေးနည်းနည်းဖြင့် အချိန်ကြာကြာ ရောင်းချသွားမည် မဟုတ်ကြောင်း၊ အစိုးရက ညှိနှိုင်းမှုကို ဆောင်ရွက်မည် ဖြစ်ပြီး ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ထောက်ပံ့မှုပေးရန်ဖြစ်ကြောင်း၊ အင်ဒိုနီးရှားနှင့် ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်တင်သွင်းမှုတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော တရုတ်အစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Cofco Corporation က တန်ချိန် ၂၈၀,၀၀၀ တိုးမြှင့်ဝယ်ယူမှုအတွက်  ပို့ဆောင်ရေး ကာလတိုးမြှင့်ထားသဖြင့် ယင်းရလဒ်ကို ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်နေပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ရှိ ဆန်ဈေးကွက်ကို ချဲ့ထွင်သွားမည်ဖြစ်ကြောင်း၊ ဆော်ဒီအာရေဗျ၊ အာဖရိကနှင့် အီရန်တို့လည်း ပါဝင်ကြောင်း၊ အကောက်ခွန်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၃ ခုနှစ် ပထမ ၁၁ လအတွင်း ဆန် တန်ချိန် ၇.၉၅ သန်း တင်ပို့ နိုင်ခဲ့ပါကြောင်း၊ အင်ဒိုနီးရှားမှ တန်ချိန် ၁.၂၇ သန်း၊ အာဖရိကမှ ၈၇၆,၁၈၄ တန် ၊ အီရတ်မှ ၈၁၄,၈၀၅ တန်၊ အမေရိကန်မှ ၆၄၈,၉၄၆ တန် နှင့် တရုတ်မှ ၃၆၇,၂၀၄ တန် အသီးသီး ဝယ်ယူတင်သွင်း ကြပါကြောင်း၊ ယခုနှစ် ဒုတိယနှစ်ဝက်တွင် အိန္ဒိယနိုင်ငံသည် ၎င်း၏ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ခြင်းကို ရုတ်သိမ်းနိုင်သဖြင့် ယခုနှစ်အတွင်း ဆန် တန်ချိန် ၇.၅ သန်းသာ တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယ၏ ဆန်ဖြူတင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်ခဲ့ပြီး အယ်လ်နီညို ရာသီဥတုဖြစ်စဉ်များအပေါ် နိုင်ငံအများစုက စိုးရိမ်ခဲ့ကြသဖြင့် ဆန်ပိုမိုမှာယူခဲ့ကြခြင်းကြောင့် ထိုင်းနိုင်ငံသည် ဆန်ပိုမိုတင်ပို့နိုင်ခဲ့ပြီး အကျိုးကျေးဇူးများစွာရရှိခဲ့ကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand