China (HongKong)

တရုတ်နှစ်သစ်ကူးကာလအတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားလာရောက်မှုမြင့်တက်

Last Updated:

တရုတ်နှစ်သစ်ကူးကာလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၃ ရက်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားလာရောက်မှု ၇၅၀,၀၀၀ ခန့်ရှိခဲ့သည်ဟု ဟောင်ကောင်ဒေသအစိုးရက ခန့်မှန်းခဲ့ကြောင်း ဒေသအစိုးရ၏ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ထိုပမာဏသည် ၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးကာလ ခရီးသွားလာရောက်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိပြီဖြစ်သကဲ့သို့ အစောပိုင်း ခန့်မှန်းချက်များနှင့်လည်း ကိုက်ညီမှုရှိသည်ဟု ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဖြစ်သူ Kevin Yeung က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်နှစ်သစ်ကူးရက်များအတွင်း ရက်အလိုက် ပြုလုပ်ခဲ့သည့် အလှပြလှည့်လည်မှု၊ မီးပန်းပစ်ဖောက်မှု၊ မြင်းပြိုင်ပွဲပြုလုပ်ကျင်းပခြင်းနှင့် ဘောလုံးပြိုင်ပွဲများသို့ လာရောက်သူများပြားခဲ့ပြီး၊ ပွဲလမ်း သဘင်သွားရောက်မှုကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

နှစ်သစ်ကူးကာလအတွင်း လာရောက်ခဲ့သည့် ခရီးသွား ၀.၇၅ သန်းခန့်အနက် ၀.၆၅ သန်းမှာ တရုတ်ပြည်မမှ လာရောက်ခြင်းဖြစ်ပြီး၊ ခရီးသွားဦးရေ ၀.၆၄ သန်း လာရောက်ခဲ့သည့် ၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးကာလထက် ပိုမိုများပြားလာကြောင်း၊ တရုတ်ပြည်မမှ အဖွဲ့လိုက် ခရီးသွားအုပ်စု ၁၂၀၀ ခန့်လာရောက်ခဲ့ကြောင်း၊ ထိုသို့ ခရီးသွားများလာရောက်မှုကြောင့် ဟိုတယ်များတွင် ဧည်သည်လာရောက်တည်းခိုမှု ၉၀ ရာခိုင်နှုန်းခန့် ရောက်ရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

နှစ်သစ်ကူးကာလအတွင်း ခရီးသွားလာရောက်မှု အရေအတွက်များပြားခြင်းမှာ ခရီးသွားလုပ်ငန်း၊ အစားအသောက်နှင့် ဟိုတယ်လုပ်ငန်းများအတွက် အလား အလာကောင်းသော်လည်း ခရီးသွားများ၏ ငွေကြေးသုံးစွဲမှုပုံစံ ပြောင်းလဲလာပြီး အလှကုန်နှင့်လက်ဝတ်ရတနာများ၊ တန်ဖိုးကြီး အသုံးအဆောင် ဇိမ်ခံပစ္စည်းများဝယ်ယူမှု ကျဆင်းလာသောကြောင့် ဟောင်ကောင်ဒေသ၏ လက်လီရောင်းချမှုကဏ္ဍအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)