China (Kunming)

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ခြင်းသည် ကမ္ဘာသို့ ချိတ်ဆက်ပေးသည့် လမ်းကြောင်းများ ဖန်တီးပေးလျက်ရှိ

Last Updated:

တရုတ်နိုင်ငံ၏ စီးပွားရေးမျက်နှာစာ ဖွင့်လှစ်မှုကို တိုးချဲ့ရန် ဆက်လက်ကြိုးပမ်းမှုသည် နိုင်ငံစီးပွားရေးကို ရှေရည်တည်တံစေရန်နှင့် လာမည့်နှစ်များတွင် ပြိုင်ဆိုင်မှုဆိုင်ရာ အားသားချက်များကို ထိန်းသိမ်းရာ၌ ဝန်‌ဆောင်မှု ကုန်သွယ်ရေးသည် အဓိကမောင်းနှင်အား ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ဈေးကွက်လေ့လာသူများနှင့် စီးပွားရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ကမ္ဘာ့တန်ဖိုးမြှင့် ကွင်းဆက် ပြန်လည်ဖွဲ့စည်းမှု (global value chain's restructuring) အရှိန်မြှင့် ဆောင်ရွက်လာခြင်းသည် တရုတ်နိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၌ ဆန်းသစ်တီထွင်မှု၊ ဘဏ္ဍာရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်သတ်မှတ်ခြင်း စသည့်ဝန်ဆောင်မှုကဏ္ဍများကို တိုးမြှင့်ဖော်ဆောင်လာနိုင်ခဲ့သည်။

China Academy of International Trade and Economic Cooperation မှ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးအထူပြုသုတေသီ Nie Pingxiang က ကုန်ပစ္စည်းဝယ်လိုအား နည်းလာခြင်း၊ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့် ပထဝီနိုင်ငံရေးအပေါ်စိုးရိမ်မှုများ တိုးလာခြင်းတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာကုန်ထုတ်လုပ်မှု ချဲ့ထွင်ရေး၌ နှေးကွေးသွားစေကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများသည် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်း၌ အရှိန်အဟုန်ဖြင့် တိုးတက်လာစေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကုန်စည်ကုန်သွယ်မှုမဟုတ်သော ဝန်ဆောင်မှု ကုန်သွယ်မှုများအနေဖြင့် သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ ကြော်ငြာ၊ ကွန်ပျူတာနှင့် စာရင်းကိုင်များကဲ့သို့သော ဝန်ဆောင်မှုများအား ရောင်းချခြင်းနှင့် ကုန်သွယ်ခြင်းတို့ကို ရည်ညွှန်းသည်။

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများ၌ ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ယွမ် ၆ ဒသမ ၅၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၁၄ ဒသမ ၂ ဘီလီယံ) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်း တိုးလားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ အရည်အသွေး မြှင့်တင်ရန်အတွက် ဆန်းသစ်တီထွင်မှု၊ နည်းပညာကျွမ်းကျင်မှု၊ သတင်းအချက်အလက်၊ ကျွမ်းကျင်မှုဆိုင်ရာ ပံ့ပိုးမှုနှင့် ဆက်စပ်လျက်ရှိသည့် ဝန်ဆောင်မှုများအတွက် လိုအပ်ချက်များကို ဖော်ဆောင်သွားရန် မျှော်မှန်းထားသည်။ တရုတ်နိုင်ငံ၏ ဉာဏအထူးပြု ဝန်ဆောင်မှုများ (knowledge-intensive services) နှင့် ပတ်သက်၍ တင်ပို့နိုင်မှု ပမာဏမှာ ၂၀၂၃ ခုနှစ်တွင် ယွမ် ၁ ဒသမ ၅၄ ထရီလီယံ ရှိပြီး ယခင်နှစ်ထက် ၉ ရာခိုင်နှုန်း မြှင့်တက်ခဲ့ကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ဂျာမန်ကုန်သည်ကြီးများအသင်း၏ အမှုဆောင်ဒါရိုက်တာ Jens Hildebrandt က တရုတ်နိုင်ငံသည် ၎င်း၏ ဝန်ဆောင်မှုလုပ်ငန်းများကို တဖြည်းဖြည်းချင်း ဖွင့်လှစ်လိုက်သည်နှင့် ဂျာမန်ကုမ္ပဏီများအနေဖြင့် လာမည့်နှစ်တွင် တရုတ်ဈေးကွက်အတွင်းသို့ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုပုံစံသည် အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖော်ဆောင်နေကြောင်း၊ ယခင်က ဂျာမန်ကုမ္ပဏီများသည် တရုတ်နိုင်ငံသို့ နည်းပညာများ ပံ့ပိုးပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ဈေးကွက်မှ သိသိသာသာ အကျိုးဖြစ်ထွန်းခဲ့သည်ကို တွေ့ရကြောင်းနှင့် လက်ရှိအခြေ အနေတွင် ကာဗွန်ထုတ်လုပ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ကဏ္ဍများ၌ ဂျာမန်နှင့် အခြားဥရောပဈေးကွက်များသို့ ထိရောက်စွာ ထိုးဖောက်ဝင်ရောက်လာသည့် တရုတ်နိုင်ငံ၏ အပြိုင် အဆိုင် အမှတ်တံဆိပ်များနှင့် ခေတ်မီနည်း ပညာများအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်း ပေကျင်းမြို့၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Guo Tingting က အစိုးရအနေဖြင့် ယခုနှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းများ၌ ကုန်သွယ်မှုကို တက်ကြွစွာ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဤကဏ္ဍ တိုးတက်မှုသည် နိုင်ငံခြားကုန်သွယ်မှု အရည်အသွေးမြှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားသစ်များ ပြုစုပျိုးထောင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ ဇန်နဝါရီလကုန်အထိ တရုတ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု၊ ပထဝီဆိုင်ရာ အချက်အလက်၊ ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် ဘာသာစကားဆိုင်ရာ ဝန်ဆောင်မှုများအပါအဝင် ကျယ်ပြန့်သောကဏ္ဍများစွာကို လွှမ်းခြုံသည့် ဝန်ဆောင်မှုများ တင်ပို့နိုင်ရန်အတွက် ဝန်ဆောင်မှု အခြေစိုက်စခန်း ၁၁၂ ခုကို ထူထောင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  ဌာနမှသိရသည်။

တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်းကြား ကုန်သွယ်မှုပမာဏ ဖွံ့ဖြိုး လာခြင်းကို ဖော်ဆောင်ပေးလျက်ရှိသော ဟန်ကျိုး (Hangzhou) ပြည်နယ်နှင့် ရှီကျန်း (Zhejiang) ပြည်နယ် အခြေစိုက် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် BEST Inc သည် ၂၂၀,၀၀၀ စတုရန်းမီတာ ကျယ်ဝန်း သော စင်တာတစ်ခုကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဖွင့်လှစ်ခဲ့သည်။ အရှေ့တောင်အာရှတွင် စက်ရုံများ တည်ထောင်လျက်ရှိသော တရုတ်ကုမ္ပဏီများစွာ ရှိသည့်အတွက် ဒေသတွင်း၌ ၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်လည်ပတ်မှုကို ပံ့ပိုးပေးရန်အတွက် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့ကို ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွင် ပိုမိုချိတ်ဆက်နိုင်ရန် ရည်မှန်းထားပြီး ယခုနှစ်အတွင်း ယင်းနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် အမြန်ချောပို့ဆောင်ရေးကို ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း BEST ကုမ္ပဏီ၏ ဥက္ကနှင့် CEO ဖြစ်သူ Johnny Chou က ပြောကြားခဲ့သည်။

 

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

အရင်းမြစ်။ http://en.people.cn/n3/2024/0205/c90000-20130941.html

Category: China (Kunming)