China (HongKong)

ကုန်သွယ်မှုကန့်သတ်ပိတ်ပင်ခြင်းသည် ဟောင်ကောင်ဒေသအပေါ် သက်ရောက်မှု ကြီးကြီး မားမားမရှိနိုင်ကြောင်း နည်းပညာအကြီးအကဲပြောကြား

Last Updated:

ပြည်ပမှ ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှု ချမှတ်ခြင်းကြောင့် ဒေသ၏ နည်းပညာလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ကြောင်း ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့် စက်မှုလုပ်ငန်းဝန်ကြီး Sun Dong က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် “Trade curbs have only small impact on HK: tech chief” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံမှ အဆင့်မြင့်နည်းပညာ ထုတ်ကုန်များအပေါ် သွင်းကုန်တင်သွင်းမှု ကန့်သတ်လာနိုင်မှုအပေါ် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် တုံ့ပြန်ဆောင်ရွက်သွားမည့် အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဟောင်ကောင်ဒေသသည် ထိုကဲ့သို့သော နည်းပညာ ထုတ်ကုန်များကို နိုင်ငံတစ်နိုင်ငံတည်းမှ ဝယ်ယူခြင်းမဟုတ်ကြောင်း၊ ဒေသအစိုးရအနေဖြင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်သကဲ့သို့ ဟောင်ကောင်ဒေသသည် နိုင်ငံတကာစီးပွားရေးကွန်ရက် ကောင်းမွန်သောဒေသဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာ့နိုင်ငံ/ ဒေသများမှ နည်းပညာနှင့် အရင်းအနှီးများ၊ ကျွမ်းကျင်သူများကို ဒေသသို့ လာရောက်ရန် ဆွဲဆောင်ထားနိုင်ခဲ့ကြောင်း၊ ဒေသအနေဖြင့် မိတ်ဖက်များ တိုးမြှင့်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်း ကွန်ရက်ချိတ်ဆက်မှု ချဲ့ထွင်သွားမည်ဖြစ်သည်ဟု Sun က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 အချို့နိုင်ငံများ၏ မိတ်ဆွေမပီသသည့် တဖက်သတ်ပိတ်ပင်မှုသည် ဟောင်ကောင်ဒေသအပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိကြောင်း၊ ပြင်ပပြောင်းလဲမှုများရှိနေစေကာမူ ဟောင်ကောင်ဒေသသည် ပြည်တွင်းမူဝါဒများအပေါ် အမှီပြု၍ တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဒေသအစိုးရအနေဖြင့် ထိပ်တန်းနည်းပညာ ကုမ္ပဏီများ ဟောင်ကောင်ဒေသ၌ လာရောက်လုပ်ကိုင်ရန်နှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ဟောင်ကောင်ဒေသရှိ စက်မှုလုပ်ငန်းများနှင့် start-ups လုပ်ငန်းများကိုအားပေးသွားရန်  ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)