China (Kunming)

တရုတ်နိုင်ငံသည် စစ်မှန်သော စီးပွားရေးကို ဖော်ဆောင်ခြင်းဖြင့် ဘဏ္ဍာရေး အခန်းကဏ္ဍကို ဆက်လက် ခိုင်မာအားကောင်းစေနိုင်

Last Updated:

တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံရည်မှန်းချက်အဖြစ် စစ်မှန်သော စီးပွားရေးကို ဖော်ဆောင်ရာတွင် ဘဏ္ဍာရေး အခန်းကဏ္ဍ၌ နက်ရှိုင်းခိုင်မာသော ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။ လွန်ခဲ့သောနှစ်မှစတင်၍  ဘဏ္ဍာရေးအဖွဲ့အစည်းများသည် အဓိကကျသော ကဏ္ဍများနှင့် သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ အခြေခံ အဆောက်အဦးများ၊ ပုဂ္ဂလိက အသေးစားနှင့် အငယ်စားလုပ်ငန်းများနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု စသည့်အားနည်းသော ချိတ်ဆက်မှုများ၌ အရင်းအမြစ်များ ခွဲဝေသုံးစွဲမှုကို ဆက်လက်ခိုင်မာအားကောင်းအောင် ထိန်းသိမ်းခဲ့သည်။ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းအတွက် သိသာထင်ရှားသော လုပ်ဆောင်ချက်များကို ပြသနိုင်ခဲ့သည်။  ဘဏ္ဍာရေးကဏ္ဍ၏ စွမ်းဆောင်မှု၊ အရည်အသွေးနှင့် ထိရောက်မှုတို့ စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် ခိုင်မာသောဘဏ္ဍာရေးကဏ္ဍဖြင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် ပံ့ပိုးကူညီနိုင်မည့် အဆင့်မြှင့် ဖော်ဆောင်မှုကို မြှင့်တင်ရန် နိုင်ငံရေးအကြံပေးများက တောင်းဆိုခဲ့ကြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်တွင် ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ ဗဟိုညီလာခံမှချမှတ်ခဲ့သော ကတိကဝတ်များသည် ဘဏ္ဍရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများဖြစ်သည်။ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ အဆင့်မြှင့်ကုန်ထုတ်လုပ်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပြင် ဆန်းသစ်တီထွင်မှုဖြင့်ဖော်ဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို ပံ့ပိုးနိုင်ရန်အတွက် ဘဏ္ဍာရေး အရင်းအမြစ်များကို ပိုမိုသုံးစွဲသင့်ကြောင်း ညီလာခံကမှတ်ချက်ပြုခဲ့သည်။ ယင်းမူဝါဒများ အသက်ဝင်လာသည်နှင့်အမျှ လုပ်ငန်းများစွာလည်း အားကောင်းလာမည်ဖြစ်သည်။

ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများသည် စစ်မှန်သော စီးပွားရေးကို ဝန်ဆောင်မှုပေးရာ၌ ပေါ် ထွက်လာသည့် အခွင့်အလမ်းများအတွက် ပြိုင်ဆိုင်လာကြသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (Industrial and Commercial Bank of China-ICBC) သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်ကောင်စီမှ အတည်ပြုခဲ့သော တရုတ်နိုင်ငံ အရှေ့ပိုင်းရှိကျန်း (Zhejiang) ပြည်နယ်ရှိ Jinqimen နျူကလီးယားစွမ်းအင်စီမံကိန်း ပထမအဆင့် တည်ဆောက်မှုအတွက် ယွမ် သန်း ၉၀၀ ချေးငွေထုတ်ပေးရန် ရွေးချယ်ခဲ့သည်။ ICBC သည် သန့်ရှင်းသောစွမ်းအင် (Clean Energy)၊ အစိမ်းရောင်လမ်းပန်းဆက်သွယ်ရေး (Green Transportation)၊ စွမ်းအင်ထိန်းသိမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး စသည့်ကဏ္ဍများအတွက် ခိုင်မာစွာ ပံ့ပိုးပေးလျက်ရှိသည်။

အစိမ်းရောင်ဘဏ္ဍာရေး (Green Finance) သည် စစ်မှန်သော စီးပွားရေးကို ပံ့ပိုးပေးရန်အတွက် အရေးပါသော လမ်းတစ်ခုဖြစ်လာကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။ လက်ရှိတွင် ICBC ၏ အစိမ်းရောင်ချေးငွေမှာ ယွမ် ၅ ထရီလီယံကျော် ရှိပြီး ၂၀၂၃ နှစ်ကုန် China Everbright Bank ၏ အစိမ်းရောင်ချေးငွေ ပမာဏသည် ယွမ် ၁၁၄.၄၇ ဘီလီယံ သို့မဟုတ် ယခင်နှစ် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၇.၄၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ အသေးစားလုပ်ငန်းများအတွက်‌ ချေးငွေများ၊ နည်းပညာအခြေခံ အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် နှစ်လတ်နှင့် နှစ်ရှည်ချေးငွေများ ပါဝင်သည့် အစိမ်းရောင်ချေးငွေ တိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ချေးငွေအားလုံး၏ ပျမ်းမျှတိုးတက်မှုနှုန်းထက် များစွာမြင့်မားနေကြောင်း တရုတ်ပြည်သူ့ဘဏ် (People’s Bank of China-PBOC) အုပ်ချုပ်ရေးမှူး၏ ပြောကြားခဲ့သည်။

နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော PBOC သည် နည်းပညာ ဘဏ္ဍာရေး (Technology Finance) ၊ အစိမ်းရောင်ဘဏ္ဍာရေး (Green Finance) ၊ အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေး (Inclusive Finance) ၊ အငြိမ်းစား လစာငွေဘဏ္ဍာရေး (Pension Finance) နှင့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေး (Digital Finance) ဆိုင်ရာ “ဦးစားပေး ကဏ္ဍငါးခု” ကို ပံ့ပိုးပေးရန်အတွက် အကြွေးဈေးကွက်ဌာန (Credit market department) တစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်း ယခုနှစ်အစောပိုင်း၌ ကြေညာခဲ့သည်။

 

 

အရင်းမြစ်။ http://en.people.cn/n3/2024/0205/c90000-20130934.html

စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ(ကူမင်းမြို့)

Category: China (Kunming)