Korea

တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းတွင် လျှပ်စစ်ကားများအားသွင်းသည့်စက် အလုံးရေ ၃၅,၀၀၀ ကျော်ကို ငါးလအတွင်း တပ်ဆင်ပြီးစီးခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းတွင် ပတ်ဝန်းကျင်ညစ်နွမ်းမှုမရှိစေသော ကားများကို ဝယ်လိုအားများလာသည့်အတွက် လျှပ်စစ်ကားများ အားသွင်းသည့်စက် (EV Chargers) ၃၅,၀၀၀ ကျော်ကို ၂၀၂၃ ခုနှစ်၊ ပထမငါးလအတွင်း တပ်ဆင်ပေးခဲ့ပြီးဖြစ်ရာ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် EV Chargers စုစုပေါင်း ၂၄၀,၆၉၅ လုံး ရှိပြီဖြစ်သည်ဟု  တောင်ကိုရီးယားနိုင်ငံရှိ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် Park Sang-hyeok က သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနနှင့် မြေ၊ အခြေခံအဆောက်အဦနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်သော အချက်အလက်များကို ကိုးကားပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ်အတွင်း EV Chargers စုစုပေါင်း ၂၀၅,၂၀၅ လုံးသာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ပထမငါးလအတွင်း EV Chargers စုစုပေါင်း ၃၅,၄၉၀ ကို ထပ်မံတပ်ဆင်ပြီးစီးခဲ့ပါကြောင်း၊ ယင်းတို့အနက် EV Chargers ၂၁၅,၁၄၇ လုံး (သို့မဟုတ်) ၈၉.၄ ရာခိုင်နှုန်းသည် အလယ်အလတ်နှုန်းဖြင့် အားသွင်းနိုင်သည့် စက်များဖြစ်ပြီး ကျန် ၁၀.၆ ရာခိုင်နှုန်းသည် လျင်မြန်သောနှုန်းဖြင့် အားသွင်းနိုင်သော EV Chargers များဖြစ်ကြပါသည်။

တပ်ဆင်ပြီးသော EV Chargers အရေအတွက်သည် ဝန်ကြီးဌာနများမှ ဖော်ပြထားသော အရေအတွက်ထက် ပိုမိုနိုင်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့အထိစာရင်းအရ Tesla ကုမ္ပဏီက Superchargers နှင့် Destination Chargers အလုံးရေ ၁,၇၃၀ တပ်ဆင်ပြီးခဲ့သော်လည်း အဆိုပါစာရင်းသည် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ဖော်ပြသောစာရင်းတွင် မပါဝင်သည်ကို တွေ့ရှိရပါသည်။ ဆိုးလ်မြို့နှင့်နီးသည့်  Gyeonggi Province တွင် EV Chargers အများဆုံး တပ်ဆင်ထားပြီး စုစုပေါင်း ၆၀,၈၇၃ လုံး ရှိပါသည်။ ဆိုးလ်မြို့တွင် ၄၂,၆၁၉ လုံးတပ်ဆင်ထားပြီး ဒုတိယအများဆုံး ပမာဏဖြစ်ပါသည်။ သို့သော် လျှပ်စစ်ကားတစ်စီးလျှင် အားသွင်းစက်ရရှိသည့်အချိုးဖြင့် နှိုင်းယှဉ်လျှင် ဗဟိုအုပ်ချုပ်မှုမြို့ဖြစ်သည့် ဆယ်ဂျုံးမြို့သည် ထိပ်တန်းနေရာရရှိပြီး  ယင်းနောက်တွင် ဆိုးလ်မြို့နှင့် Gyeonggi Province တို့ရပ်တည်နေပါသည်။ ဂျယ်ဂျူကျွန်းသည် လျှပ်စစ်ကားတစ်စီးလျှင် အားသွင်းစက်ရရှိသည့်အချိုးအနည်းဆုံးနေရာ ဖြစ်ပါသည်။

EV Chargers များအပြင် ဟိုက်ဒရိုဂျင်လောင်စာဖြည့်သည့်စက် (Hydrogen Fueling Chargers) ၂၄၄ ခု ရှိနေပြီဖြစ်ပါကြောင်း၊ ယခုနှစ်တွင် Hydrogen Fueling Chargers အသစ် ၁၅ ခုကို တပ်ဆင်ထားပြီးဖြစ်ပါကြောင်း၊ အိုအီးစီဒီနိုင်ငံ ၃၈ နိုင်ငံတွင် Hydrogen Fueling Chargers အများဆုံးရှိသည့်နိုင်ငံများမှာ ဂျပန်နိုင်ငံပြီးလျှင်  တောင်ကိုရီးယားနိုင်ငံဖြစ်ပါသည်။

၂၀၂၃ ခုနှစ်အတွင်း EV Chargers စုစုပေါင်း ၈၀,၀၀၀ ထပ်မံတပ်ဆင်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ၂၈၀,၀၀၀ အထိ ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ Hydrogen Fueling Chargers အသစ် ၉၁ ခုကိုလည်း ထပ်မံတပ်ဆင်သွားမည်ဖြစ်ပြီး နှစ်ကုန်ပိုင်း၌ နိုင်ငံတစ်ဝှမ်းတွင် Hydrogen Fueling Chargers စုစုပေါင်း ၃၂၀ အထိ ရောက်ရှိလာမည်ဖြစ်ပါကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကတိပြုခဲ့ပါသည်။

 

Source: https://www.koreaherald.com/view.php?ud=20230618000130&np=1&mp=1

(စီးပွားရေးသံမှူး၊ ကိုရီးယား)

Category: Korea