China (HongKong)

ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီး ဥရောပဒေသသို့ သွားရောက်

Last Updated:

ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Paul Chan သည် စက်တင်ဘာလ ၁၆ ရက် ညပိုင်းတွင် ဥရောပခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့သို့ စတင်ထွက်ခွာခဲ့ပြီး၊ ထိုမှတစ်ဆင့် လန်ဒန်၊ ဘာလင်နှင့် ဖရန့်ဖတ်မြို့များသို့ သွားရောက်မည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရမှ သတင်းထုတ်ချက်တွင် ရေးသားဖော်ပြထားပါသည်။

ခရီးစဉ်တွင် ကုန်သည်လုပ်ငန်းရှင်များအသင်း၊  ရင်းနှီးမြှုပ်နှံသူများ၊ တည်ထောင်စ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများမှ ကိုယ်စားလှယ် စုစု ပေါင်း ၁၃၀ ကျော်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားခဲ့ပါသည်။

အဆိုပါ ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက်အထိ မစ္စတာ Chan သည် ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) မှ စီစဉ်ကျင်းပမည့် Think Business Think Hong Kong ပွဲသို့ တက်ရောက်မည်ဖြစ်ပြီး၊ စက်တင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ လန်ဒန်မြို့သို့လည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ ဘာလင်နှင့် ဖရန့်ဖတ်မြို့များသို့လည်းကောင်း သွားရောက်မည်ဖြစ်ပါသည်။

ဥရောပခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံရေး၊ စီးပွားရေနှင့်ဘဏ္ဍာရေးအသိုင်းအဝိုင်းတို့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး နှစ်ဘက်စီးပွားရေးဆက်ဆံမှုနှင့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာစေရေးကို ရှေ့ရှု၍ ဟောင်ကောင်ဒေသ၏ စီးပွားရေး အခွင့်အလမ်းသစ်များနှင့် အားသာချက်များကို မိတ်ဆက်ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ကုန်သည်လုပ်ငန်းရှင်များအသင်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများနှင့် ဆွေးနွေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်သကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု၊ Fintech နှင့် ဉာဏ်ရည်တု (AI) ဆိုင်ရာ မဟာဗျူဟာမြောက် အရေးပါသည့် လုပ်ငန်းများသို့လည်းကောင်း၊ အနုပညာနှင့် ဖန်တီးတီထွင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းများသို့လည်းကောင်း သွားရောက်လည်ပတ်မည် ဖြစ်ပါ သည်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ကပ်ရောဂါကြောင့် မိမိတို့နှင့် ဥရောပဒေသအကြား ချိတ်ဆက်မှု ပြတ်တောက်သွားခဲ့ပြီး၊ ဟောင်ကောင်ဒေသအပေါ် အထင်အမြင်လွဲမှားမှုများ ရှိနေခဲ့ကြောင်းနှင့် မဟာပင်လယ်ကွေ့ဒေသရှိ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုဌာန၊ နိုင်ငံတကာ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဗဟိုချက်ဖြစ်သည့် ဟောင်ကောင်ဒေသသည် ဥရောပကုမ္ပဏီများအတွက် တရုတ်ပြည်မနှင့် မဟာပင်လယ်ကွေ့ဒေသမှ စီးပွားရေးအခွင့်အလမ်း အများအပြားကို ရှာဖွေနိုင်ရန်အတွက် နှစ်လိုဖွယ် ဝင်ပေါက်တစ်ခုနှင့် အရည် အသွေးမြင့်ဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုဖြစ်သည်ဟု မစ္စတာ Chan က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့် ဟောင်ကောင်ဒေသသည် ဥရောပဒေသသို့ ဈေးကွက်တိုးချဲ့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေမှုကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)