China (HongKong)

ဟောင်ကောင်ဒေသနှင့် ဒူဘိုင်းတို့အကြား စီးပွားရေးစင်္ကြံ တည်ထောင်

Last Updated:

ဟောင်ကောင်ဒေသနှင့် ဒူဘိုင်းအစိုးရများအကြား စီးပွားရေးစင်္ကြံတည်ထောင်ပြီး နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများဖွင့်လှစ်ခြင်း၊ fintechနှင့် green finance ဆိုင်ရာလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ထုတ် ဒူဘိုင်းအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “Dubai, HK establish Economic Corridor” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၌ ပြုလုပ်ကျင်းပခဲ့သည့် ရပ်ဝန်းနှင့်လမ်းကြောင်း အစည်းအဝေး၏ ဒုတိယနေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဌာနနှင့် ဟောင်ကောင်ဒေသမှ ငွေတိုက်နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဌာနတို့အကြား စဉ်ဆက်မပြတ် စီးပွားရေးတိုးတက်မှု ဖော်ဆောင်သွားနိုင်မည့် စီးပွားရေးစင်္ကြံတစ်ခု တည်ထောင်သွားရေး နားလည်မှုစာချွန်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာသည် ဟောင်ကောင်ဒေသနှင့် ဒူဘိုင်းတို့အကြား လုပ်ငန်းများ လုပ်ကိုင်ရာတွင် မူဝါဒဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများအတွက် အဆင်ပြေစေမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသအစိုးရ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် ဟောင်ကောင်နှင့် ဒူဘိုင်းဒေသတို့အကြား family office sector ဆိုင်ရာ အခင်းအကျင်း၊ ဒေသနှစ်ခုအကြား ဈေးကွက် ချိတ်ဆက်ဆောင်ရွက်မှု လွယ်ကူချောမွေ့ရေး၊ ဘဏ္ဍဝန်ဆောင်မှုဆိုင်ရာ ပေါင်းစပ်မှုနှင့် အခွင့်အလမ်းများအတွက်လည်းကောင်း၊ fintech ၊ virtual assetsနှင့် green and sustainable finance ကဲ့သို့သော နယ်ပယ်များတွင်လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါ သည်။

နားလည်မှုစာချွန်လွှာ၏ ရည်ရွယ်ချက်မှာ ဒူဘိုင်းနှင့် ဟောင်ကောင်ဒေသတို့အကြား စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ သုတေသန ပူပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဆောင်ရွက်မှုများကဲ့သို့ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ချက်များ လွယ်ကူချောမွေ့စေရန်ဖြစ်ကြောင်း ဒူဘိုင်း‌ဒေသ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းဌာနက ပြောကြားခဲ့ပါသည်။ အလားတူ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် ဒူဘိုင်းဒေသ၏ ကမ္ဘာ့ထိပ်တန်းမြို့ ၃ မြို့အနက် တစ်မြို့အဖြစ် ရပ်တည်မှုကို ပိုမိုခိုင်မာစေခြင်းဖြင့် ဒေသ၏ ၂၀၃၃ စီးပွားရေးလုပ်ငန်းစဉ်ကို ပိုမိုတွန်းအားဖြစ်စေကာ၊ လာမည့် ဆယ်စုနှစ်အတွင်း ဒေသ၏ စီးပွားရေးကို နှစ်ဆဖြစ်လာစေမည်ဟု ဒူဘိုင်းဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေသနှစ်ခုအကြား လက်မှတ်ရေးထိုးသည့် နားလည်မှုစာချွန်လွှာအပြင် ဒူဘိုင်းဒေသ စီးပွားရေးဌာနှင့် Standard Chartered ဘဏ် (ဟောင်ကောင်) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့ပြင် InvestHK နှင့် အီဂျစ် ရင်းနှီးမြှုပ်နှံမှုနှင့် လွတ်လပ်သောဇုန်များဆိုင်ရာ အာဏာပိုင်အဖွဲ့ (GAFI) တို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း သတင်းအချက်အလက် ဖလှယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)