China (HongKong)

၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွက် ဟောင်ကောင်ဒေသ ပြည်ပကုန်သွယ်မှု စာရင်းဇယားထုတ်ပြန်

Last Updated:

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်း ပို့ကုန်/ သွင်းကုန်ပမာဏ မှာ ၂၀၂၂ ခုနှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၁၁.၅ နှင့် ၁၀.၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါသည်။  ၂၀၂၃ ၏ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ပို့ကုန်/သွင်းကုန် ပမာဏအနေဖြင့်လည်း ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၁၇.၇ ရာခိုင်နှုန်းနှင့် ၁၅.၄ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားသကဲ့သို့ ဈေးနှုန်းများ ပြောင်းလဲခြင်းကြောင့် စုစုပေါင်း ပို့ကုန်/သွင်းကုန်ဈေးနှုန်းများ ၄.၂ ရာခိုင်နှုန်းနှင့် ၃.၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်သွားခဲ့ကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဟောင်ကောင်ဒေသ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လ သုံးလပတ်ကာလအတွင်း ပို့ကုန်/ သွင်းကုန်ပမာဏသည် ဖေဖော်ဝါရီလမှ ဧပြီလ သုံးလပတ်ကာလ၏ ပို့ကုန်/သွင်းကုန် ပမာဏထက် ၈.၄ ရာခိုင်နှုန်းနှင့် ၆.၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားပါသည်။

လျှော့ဈေးများကြောင့် ပြင်ပကုန်စည်ကုန်သွယ်မှုတန်ဖိုး ပြောင်းလဲသွားခြင်းကြောင့် ဟောင်ကောင်ဒေသ၏ ပြင်ပကုန်သွယ်မှုပမာဏ ပြောင်းလဲသွားခြင်းဖြစ်ပါသည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၏ စုစုပေါင်း ကုန်စည် ပို့ကုန်/သွင်းကုန် တန်ဖိုးများအနေဖြင့် ၃.၀ ရာခိုင်နှုန်းနှင့် ၃.၃ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားပါသည်။

ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန်ဈေးကွက်များဖြစ်သည့် တရုတ်ပြည်မ (-၁၆.၇ ရာခိုင်နှုန်း) ၊ အိန္ဒိယ (-၁၀.၇ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (-၁၀.၂ ရာခိုင် နှုန်း)၊ အမေရိကန် (-၉.၇) နှင့် ဗီယက်နမ် (-၁.၀ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး၊ အဓိကပို့ကုန်ဈေးကွက်များသို့ စုစုပေါင်း ပိုကုန်ဈေးနှုန်းများအနေဖြင့် အိန္ဒိယ (၁၁.၀ ရာခိုင်နှုန်း)၊ အမေရိကန် (၄.၅ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၃.၉ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၃.၇ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၂.၀ ရာခိုင်နှုန်း) အသီးသီး မြင့်တက်သွားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ဟောင်ကောင်ဒေသ၏ အဓိကသွင်းကုန်တင်သွင်းသည့် ဒေသများဖြစ်သည့် ထိုင်ဝမ် (-၂၃.၀ ရာခိုင်နှုန်း)၊ စင်ကာပူ (-၁၃.၇ ရာခိုင်နှုန်း)၊ အမေရိကန် (-၁၁.၅ ရာခိုင်နှုန်း)၊ ဂျပန် (-၁၀.၇ ရာခိုင်နှုန်း) နှင့်  တရုတ်ပြည်မ (-၈.၄ ရာခိုင်နှုန်း) ကျဆင်းခဲ့ပြီး အဓိက သွင်းကုန်တင်သွင်းသူ၏ သွင်းကုန်ဈေးနှုန်းများအနေဖြင့် တရုတ်ပြည်မ (၄.၉ ရာခိုင်နှုန်း) ၊ ထိုင်ဝမ် (၄.၈ ရာခိုင်နှုန်း)၊ စင်ကာပူ (၄.၈ ရာခိုင်နှုန်း)၊ ဂျပန် (၃.၂ ရာခိုင်နှုန်း) နှင့် အမေရိကန် (၂.၄ ရာခိုင်နှုန်း) မြင့်တက်သွားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)