Thailand

ထိုင်းနိုင်ငံ PTT Exploration and Production Plc (PTTEP) က ၂၀၂၄ ခုနှစ်အတွင်း ထုတ်လုပ်မှု မြင့်တက်လာသကဲ့သို့ ရောင်းအားလည်း ၉ ရာခိုင်နှုန်း မြင့်တက်လာရန် ခန့်မှန်း

Last Updated:

ထိုင်းနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကပိုင်ကုမ္ပဏီတစ်ခုဖြစ်သော PTT Exploration and Production Plc (PTTEP) က ထိုင်းပင်လယ်ကွေ့အတွင်းရှိ အီရာဝန် (Erawan) ဓာတ်ငွေ့လုပ်ကွက်မှ ဓာတ်ငွေ့ထုတ်လုပ်မှုမြင့်တက်လာမှုကြောင့် ၂၀၂၄ ခုနှစ်အတွင်း ရေနံရောင်းအားကို ၉ ရာခိုင်နှုန်းထိ မြင့်တက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်အတွင်း ရောင်းအားသည် ၁ ရက်လျှင် ပျမ်းမျှ ၄၆၄,၀၀၀ စည်ရှိကြောင်း၊ ပြည်တွင်း ဓာတ်ငွေ့ပိုမိုထောက်ပံ့ပေးနိုင်ခြင်းသည် ကမ္ဘာ့ဈေးနှုန်းအတက်အကျဖြစ်နေပြီး နိုင်ငံတွင်း လျှပ်စစ်ဓာတ်အားခကို မြင့်တက်စေသည့် LNG တင်သွင်းမှု လျော့နည်းလာခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ဓာတ်အားထုတ်လုပ်ရာ၌ အသုံးပြုသော လောင်စာ ၆၀ ရာခိုင်နှုန်းသည် ဓာတ်ငွေ့မှ ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် အီရာဝန် ဓာတ်ငွေ့လုပ်ကွက်မှ ဓာတ်ငွေ့ထုတ်လုပ်မှု ၈၀၀ million standard cubic feet per day (MMSCFD) တိုးမြင့်လာမည်ဖြစ်ကြောင်း PTTEP ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Montri Rawan-chaikul က ပြောကြားခဲ့သည်။

ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း နိုင်ငံတွင်းနှင့် ပြည်ပနိုင်ငံများတွင် ရေနံစီမံကိန်းများဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၂.၆ ဘီလီယံ လျာထားပါကြောင်း၊ အီရာဝန်အပြင် ဘွန်ကော့ (Bongkot) နှင့် အားသစ် (Arthit) ဓာတ်ငွေ့နေရာများနှင့် ထိုင်းပင်လယ်ကွေ့အတွင်းရှိ မလေးရှား-ထိုင်းပူးတွဲဖွံ့ဖြိုးမှုဧရိယာတွင်ပါ ဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မလေးရှားရှိ လန်လဲဘန် (Lang Lebah) နှင့် မိုဇမ်ဘီ ဧရိယာ ၁ တို့သည် ဖွံ့ဖြိုးဆဲ ရေနံကွင်းများ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

PTTEP သည် ထိုင်း၊ မလေးရှား၊ အိုမန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့တွင် မြေပြင်လေ့လာရေးနှင့် တူးဖော်ရှာဖွေရေးတို့ ဆောင်ရွက်ရန် ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂၂၀ သန်း လျာထားရန် စီစဉ်လျက်ရှိပါကြောင်း၊ အစိမ်းရောင်ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချခြင်းနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းသစ်များသို့ ခွဲခြားဆောင်ရွက်ခြင်းဖြင့် ရေနံတူးဖော်ထုတ်လုပ်ရေးကို ရေရှည်တည်တံ့လိုပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံလျာထားပြီး သန့်ရှင်းသောစွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရှာဖွေလျက်ရှိပါကြောင်း  Mr. Montri က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊  

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand