Thailand

ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်း Microsoft Thailand ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Dhanawat Suthumpun က အကြံပြု ပြောကြား

Last Updated:

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား လက်ရှိ ကုန်သွယ်ရေး-နည်းပညာ ပဋိပက္ခများကြားမှ အခွင့်အလမ်းများကို ရယူနိုင်ရန်၊ ထုတ်လုပ်မှု၊ ယှဉ်ပြိုင်မှုနှင့် ဆွဲဆောင်နိုင်မှုတို့ တိုးမြှင့်ရန်အတွက် ထိုင်းနိုင်ငံအနေဖြင့် စိန်ခေါ်မှုများကို ကျော်လွှားရန်နှင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း   Microsoft Thailand ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Dhanawat Suthumpun က အကြံပြု ပြောကြားခဲ့ပါသည်။

အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား နည်းပညာပဋိပက္ခသည် ထိုင်းနိုင်ငံအတွက် အခွင့်အလမ်းများစွာကို သယ်ဆောင်လာနိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် တည်နေရာအနေအထားအရ ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်အတွက် ထုတ်လုပ်ရာနေရာဖြစ်နိုင်သောကြောင့် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် လက်ရှိထုတ်လုပ်လျက်ရှိသော Microsoft’s Surface notebooks ၏ ထုတ်လုပ်မှုကို ထိုင်းနိုင်ငံတွင် တိုးချဲ့သွားမည် ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားပါသည်။

 နည်းပညာများကို လက်ခံရန်အတွက် အချက် ၃ ချက်ရှိပါကြောင်း၊ ပထမ တစ်ချက်မှာ နည်းပညာများကို ဖွင့်ပေးရမည်ဖြစ်ကြောင်း၊ ဆိုလိုသည်မှာ အရင်းအမြစ်များ၊ အချက်အလက်များ၊ Artificial Intelligence (AI) နှင့် ဗိသုကာပညာရပ်များအားလုံးကို ဖွင့်ပေးရန်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ ယုံကြည်ရသော နည်းပညာများဖြစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ နည်းပညာလုံခြုံမှုဆိုင်ရာတွင် ပြဿနာများမကြုံ တွေ့နိုင်ကြောင်း၊ တတိယအချက်အနေဖြင့် နည်းပညာကို အသုံးပြုနေသူမှသည် နည်းပညာတီထွင်သူဖြစ်နိုင်ရန် နည်းပညာများအပေါ် လွှမ်းမိုးသင့်ကြောင်း၊ နည်းပညာများကို စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအပါအဝင် နယ်ပယ်စုံတွင် အသုံးပြုရန်လိုအပ်ကြောင်း အကြံပြုထားပါသည်။

ဒီဂျစ်တယ်အသုံးပြုသူ သန်း ၁၀၀ ရှိပြီး တည်နေရာအနေအထားအရ ဆွဲဆောင်မှုရှိသော  အရှေ့တောင်အာရှသည် ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများအတွက် စတင်မှတ်ဖြစ်နိုင်ပါကြောင်း၊ ထိုင်းနိုင်ငံသည် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့နှင့် နှိုင်းယှဉ်ပါက ရွေးချယ်မှုတွင် ထိပ်ဆုံး၌ ရှိနေပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူသော၊ ပွင့်လင်းသော၊ လက်ခံနိုင်သော နိုင်ငံဖြစ်စေရေးအတွက် ချိန်ညှိရန် လိုအပ်ကြောင်း SEA Group ၏ မန်နေဂျင်းဒါရိုက်တာဟောင်းဖြစ်သူ Mr. Santitarn Sathirathai က ထင်မြင်သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေး ပြောင်းလဲမှုများသည် အစိမ်းရောင်နှင့် ဒီဂျစ်တယ်နည်းပညာရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍတွင် အစိမ်းရောင်အယူအဆများသည် တိုးတက်မှု၏ ယန္တရားအသစ်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ် နည်းပညာများမှတစ်ဆင့် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အစိမ်းရောင်ထုတ်ကုန်များအတွက် ဈေးကွက်အသစ်များရှာဖွေနိုင်ကြောင်း ဖြည့်စွက်အကြံပြုထားပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand