Thailand

ထိုင်းနိုင်ငံ၌ ပထမအသုတ်အဖြစ် လယ်သမားများနှင့် အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ၇ သန်းခန့်အတွက် ကြွေးမြီ ဆိုင်းငံ့ထား

Last Updated:

ထိုင်းနိုင်ငံတွင် ကြွေးမြီဆိုင်းငံ့ထားရန်အတွက် အကျုံးဝင်သော လယ်သမားနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း အရေအတွက် ၄ သန်းနှင့် ၃ သန်း အသီးသီးရှိကြပြီး စုစုပေါင်း ၇ သန်း ထက်မပိုကြောင်း၊ ကြွေးမြီဆိုင်းငံ့မှု အတိုင်းအတာနှင့် ကန့်သတ်ချက်အသေးစိတ်ကို ထုတ်ဖော်မပြသလိုကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Julapun Amornvivat က ပြောကြားခဲ့ပါ သည်။

အသေးစိတ်အချက်အလက်များကို အောက်တိုဘာလအတွင်းကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပထမအဆင့် ဆောင်ရွက်ပြီးပါက စိုက်ပျိုးရေးဆိုင်ရာ သမဝါယမ၊ ဆရာ/ဆရာမများ၊ ရဲဝန်ထမ်းများနှင့် အခြားကဏ္ဍများရှိ ကြွေးမြီပြဿနာများကိုလည်း လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့်လည်း လူဦးရေအားလုံးအတွက် ချေးငွေဝန်ထုပ်ဝန်ပိုးများကို ကူညီဖြေရှင်းသွားရန် ဘဏ္ဍာရေးဝန်ကြီးဌာနအား တာဝန်ပေးအပ်ထားပါကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

လယ်သမားများအတွက် ကြွေးမြီဆိုင်းငံ့ထားသည့် နည်းလမ်းသည် ဘဏ်၏ ငွေဖြစ်လွယ်မှုအပေါ် သက်ရောက်မှုမရှိပါကြောင်း၊ ဘဏ်တွင်ငွေဖြစ်လွယ်မှုသည် ငွေဖြစ်လွယ်မှု စုစုပေါင်း၏ ၁၀.၆ ရာခိုင်နှုန်းထက် ပို၍ရှိပါကြောင်း၊ ထိုင်းဘဏ်က အနည်းဆုံး ၆ ရာခိုင်နှုန်း သတ်မှတ်ထားပါ‌ကြောင်း၊သီအိုရီအရ ငွေဖြစ်လွယ်မှုသည် ၈.၅ မှ ၁၀ ရာခိုင်နှုန်းအောက် မနည်းသင့်ကြောင်း၊ ၁ ရာခိုင်နှုန်းသည် ဘတ် ၁၈ ဘီလီယံနှင့် ညီမျှပါကြောင်း စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်၏ ဥက္ကဋ္ဌ Mr. Chatchai Sirilai က ဖြည့်စွက်ပြောကြားပါသည်။

 ကြွေးမြီသက်သာစေခြင်းအစီအမံသည် တောင်သူများအား ပညာပေးအစီအစဉ်နှင့် တစ်ပြိုင်တည်း ဆောင်ရွက်သည်ဖြစ်၍ တောင်သူများအတွက် ကောင်းမွန်ပါကြောင်း၊ တောင်သူများအနေဖြင့် ယင်းအစီအစဉ်ကို လျှောက်ထားနိုင်ပါကြောင်း၊ အစီအစဉ်တွင် ပါဝင်နေစဉ်အတွင်း ကြွေးမြီပြန်ဆပ် မည်ဆိုပါကလည်း ဆပ်နိုင်ပါကြောင်း ဥက္ကဋ္ဌကဆက်လက်ပြောကြားပါသည်။

အစိုးရအနေဖြင့် တောင်သူများအား အဆိုပါ အစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ဝင်ငွေများရရှိနိုင်ရန် စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်မှ ချေးငွေများ ပိုမိုရရှိနိုင်ရန် အခွင့်အလမ်းများ ပေးထားပါကြောင်း၊ အတိုးနှုန်းမြင့်မားသော ချေးငွေများ ချေးယူခြင်းမှ တားဆီးရန်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အချိန်စေ့လွန်ကြွေးကျန် (NPL) ပမာဏသည် ကြွေးကျန်စုစုပေါင်း၏ ၈.၁၇ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ယင်းပမာဏကို ၅.၅ရာခိုင်နှုန်းအထိ လျှော့ချသွားရန် ဖြစ်ကြောင်းသိရှိရပါသည်။         

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand