China (HongKong)

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွား သန်း ၃၀ ကျော် လာရောက်ရန် ခန့်မှန်း

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် ခရစ်စမတ်ရာသီအတွင်း ခရီးသွားလာရောက်မှု ဆွဲဆောင်နိုင်ရန်အတွက် ပွဲများစီစဉ်ကျင်းပသွားမည်ဖြစ်သောကြောင့် ၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားဦးရေ သန်း ၃၀ ကျော်လာရောက်ရန် ခန့်မှန်းကြောင်း ဟောင်ကောင် ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့က ပြောကြားခဲ့သည်ဟု South China Morning Post သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် “More than 30 million visitors to visit Hong Kong this year, Tourism Board says, but figure less than half record 2018 numbers” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ချက်များပယ်ဖျက်ခဲ့သည့် ယခုနှစ် ဇန်နဝါရီလမှစတင်၍ အောက်တိုဘာလအထိ ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားစုစုပေါင်း ၂၆.၇၈ သန်း ရှိသောကြောင့် ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့အနေဖြင့် ယခုအစောပိုင်းတွင် ခန့်မှန်းထားသည့် ပမာဏဖြစ်သည့် ၂၅.၈ သန်းမှ ခရီးသွားဦးရေ သန်း ၃၀ ကျော်ရှိနိုင်သည်ဟု နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တိုးမြှင့်ခန့်မှန်းခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ထိုပမာဏသည် ခရီးသွားဦးရေ ၆၅ သန်း လာရောက်ခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း လာရောက်မှုပမာဏ၏ ထက်ဝက်ပင်မရှိသေးကြောင်း ရေးသားဖော်ပြထားပါသည်။

ကိုဗစ်အလွန် ပထမဆုံး ခရစ်စမတ်ရာသီအတွက် ကျင်းပသည့်ပွဲတစ်ခုအနေဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် Victoria Harbour ကမ်းနှစ်ဘက်လုံး၌ WinterFest ပွဲပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး၊ Central ဘက်ခြမ်းတွင် မီးပန်းများပစ်လွှတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပန်းခြံနှင့် ဈေးဝယ်စင်တာများတွင်လည်း ဈေးဝယ်သူများကို ဆွဲဆောင်နိုင်မည့် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုနှစ် အောက်တိုဘာလအတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားဦးရေ ၃.၄၆ သန်း လာရောက်ခဲ့ရာ ခရီးသွား ၈၀၅၂၄ ဦး လာရောက်ခဲ့သည့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့တိုးတက်လာခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ ခရီးသွားလာရောက်မှုကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ လာရောက်ခြင်းဖြစ်သည်ဟု ဘုတ်အဖွဲ့မှ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ခရီးသွားလုပ်ငန်းသည် ဟောင်ကောင်ဒေသ၏ စီးပွားရေးအတွက် အဓိကထောက်တိုင် လေးခုအနက်တစ်ခုဖြစ်သောကြောင့် ခရီးသွားများ ပိုမိုလာရောက်ပြီး သုံးစွဲမှုတိုးမြင့်ရန် လိုအပ်လျက်ရှိကြောင်း၊ ဟောင်ကောင်ဒေသ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ ယခင်နှစ်ကထက် ၃.၂ ရာခိုင်နှုန်း တိုးတက်နိုင်သော်လည်း မူလခန့်မှန်းထားသည့် ပမာဏထက် လျော့နည်းနေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဒေသအစိုးရမှ ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)