Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်အတွက် ပို့ကုန်တိုးတက်မှု မျှော်မှန်းချက်သည် ၁.၉၉ ရာခိုင်နှုန်းဖြစ်

Last Updated:

၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးတက်မှု မျှော်မှန်းချက်သည် ၁.၉၉ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၂၈၈ ဘီလီယံ သို့မဟုတ် ဘတ် ၁၀ ထရီလီယံဖြစ်ကြောင်း၊ ယခုနှစ် ကျန်ကာလများနှင့် ၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဉ်များ စပ်လျဉ်း၍ အလျင်အမြန် ဆောင်ရွက်နိုင်ရေး အစီအစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai ဦးဆောင်၍ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များပါဝင်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကဏ္ဍက ပို့ကုန်တိုးတက်မှုကို ၁-၂ ရာခိုင်နှုန်း ခန့်မှန်းထားသဖြင့် ဝန်ကြီးဌာန၏ ခန့်မှန်းချက်သည် နီးစပ်ပါကြောင်း၊ ယခုနှစ်တွင် ပို့ကုန်တန်ဖိုး ဘတ် ၁၁.၄ ဘီလီယံရရှိနိုင်ရေး ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက လုပ်ငန်းစဉ် ၇၃ ခု ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ လာမည့်နှစ်တွင် လုပ်ငန်း စဉ် ၄၁၇ ခုကို ဆောင်ရွက်ရန်လျာထားပြီး ဝင်ငွေ ဘတ် ၆၅.၇ ဘီလီယံရရှိနိုင်ရန် ခန့်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးနှင့် တစ်ဆင့်ခံ ကုန်သွယ်ရေးမှ ဘတ် ၂ ထရီလီယံ ရရှိနိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ တင်ပြချက်များအပေါ် အသိအမှတ်ပြုပါကြောင်း အမြဲတမ်းအတွင်းဝန်က ဖြည့်စွက်ပြောကြားခဲ့သည်။

ဦးစီးဌာနမှ တင်ပြသည့် အစီအစဉ်များတွင် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ခြင်းနှင့် တစ်နေရာတည်းတွင် အလုံးစုံဝန်ဆောင်မှုပေးသော စင်တာ (One-Stop Service Center) များ၏ စီမံချက် အစပျိုးဆောင်ရွက်နေသည့် ခရိုင် ၇ ခုဖြစ်သော ချင်းရိုင်၊ တာခ်၊ တာရက်၊ ဆုန်ခလာ၊ နောင်ခိုင်၊ နခွန်ဖနုန်နှင့် မုက်ဒါဟန် စသည့် ခရိုင်များတွင် အောင်မြင်သဖြင့် ထပ်တိုးခရိုင်များတွင် ဆောင်ရွက်သွားမည့် ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ ဒေသတွင်းမူဘောင်အရ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲများ၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းများနှင့် စီးပွားရေးချိတ်ဆက်မှုများကို မဟာဗျူဟာ ၄ ရပ်အား အသုံးချခြင်းဖြင့် ဆွဲဆောင်နိုင်ကြောင်း၊ ယင်း ၄ ရပ်မှာ ထိုင်းနိုင်ငံ၏ ယှဉ်ပြိုင်စွမ်းအားမြှင့်တင်ခြင်း၊ စစ်ဆေးရေးဂိတ်များတိုးချဲ့ခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ စာချုပ်များ၏ အကျိုးကျေးဇူးများမြှင့်တင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ခြင်းတို့ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်တိုးတက်မှုကို ထိန်းသိမ်းထားလိုကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

စက်တင်ဘာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၅.၅ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၃.၄ ဘီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂.၀၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊  ပထမ (၉) လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၉ ဘီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၈၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုင်းထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် Soft power တို့အတွက် ပူးပေါင်းဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ Thai Airways International Plc နှင့် ထိုင်းခရီးသွား အာဏာပိုင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဖွဲ့အစည်း တစ်ခုချင်းစီ၏ အားသာချက်များကို အသုံးပြု၍ ဈေးကွက်တိုးတက်မှုကို မောင်းနှင်သွားရန်မှာ ပူးပေါင်းဆောင်ရွက်မှု၏ ရည်ရွယ်ချက်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand