ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှုသည် တန်ချိန် ၉ သန်းသို့ ရောက်ရှိနိုင်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံရရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသည် ယခုနှစ် ပထမ ၉ လအတွင်း ဆန်တန်ချိန် ၇.၄၅ သန်း တင်ပို့ခဲ့ပြီး ဝင်ငွေ ဘတ် ၁၇၂ ဘီလီယံရရှိထားခဲ့ရာ ပမာဏအားဖြင့် ၂၂ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၄၅.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ အင်ဒိုနီးရှား၊ အီရတ်နှင့် အမေရိကန်စသည့် အဓိက ဈေးကွက်များမှ ဝယ်လိုအားမြင့် တက်လာနိုင်ခြင်းကြောင့် ဆန်ပို့ကုန်သည် တန်ချိန် ၉ သန်းသို့ ရောက်ရှိနိုင်သည်ဟု ယုံကြည်ထားပါကြောင်း၊ မိုးခေါင်မှုနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကြောင့် ဆန်တင်သွင်းသူများက အစားအစာဖူလုံမှုအတွက် စားသုံးရန်နှင့် စတော့ခ်အဖြစ် သိမ်းထားလိုကြကြောင်း၊ ထိုင်းဆန်အများဆုံးတင်သွင်းသူမှာ အင်ဒိုနီးရှား (တန်ချိန် ၁,၀၉၂,၁၂၈) ဖြစ်ပြီး စုစုပေါင်း ဆန်ပို့ကုန်၏ ၁၄.၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယင်းနောက် အီရတ် (တန်ချိန် ၉၀၇,၇၁၅) ဖြစ်ပြီး ၁၂.၂ ရာခိုင်နှုန်း၊ အမေရိကန် (တန်ချိန် ၆၀၉,၄၃၀) ၈.၁၈ ရာခိုင်နှုန်း၊ တောင်အာဖရိက (တန်ချိန် ၅၈၀,၂၈၈) ၇.၇၉ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင် (တန်ချိန် ၃၉၉,၄၉၃) ၅.၃၆ ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့သည်။
ယခုနှစ် နောက်ဆုံး ၃ လပတ်တွင် အဓိကဈေးကွက်များက ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက် ကြိုတင်ပြင်ဆင်မှုများကြောင့် ဝယ်လိုအားနှင့်အတူ ရိတ်သိမ်းရာသီသို့ နီးကပ်လာပြီဖြစ်သဖြင့် ဆန်တင်ပို့မှုမြင့်တက်လာနိုင်ကြောင်း၊ ကမ္ဘာ့ဆန်ကုန်သွယ်မှုနှင့် တောင်အာဖရိက၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် စင်ကာပူကဲ့သို့သော ဈေးကွက်များသို့ တင်ပို့မှုကို ထိန်းထားရန်နှင့် ဥရောပ၊ ကနေဒါနှင့် အရှေ့အလယ်ပိုင်းသို့ ဈေးကွက်သစ်များချဲ့ထွင်မည့်အစီအစဉ်ရေးဆွဲနိုင်ရေး နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနကို ညွှန်ကြားထားကြောင်း၊ ယခုနှစ် လက်ကျန်ကာလများတွင် ဝန်ကြီးဌာနက ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းစဉ်များမှာ ကမ္ဘာ့ဆန်ကုန်သွယ်မှုအပေါ် ဈေးကွက်သတင်းအချက်အလက်များမျှဝေရန်နှင့် လုပ်ငန်းညှိနှိုင်းမှုများဆောင်ရွက်ရန် Thailand Rice Convention ၂၀၂၄ ကို ကျင်းပသွားရန်ရှိကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်တွင် ထိုင်းဆန်တင်ပို့ခဲ့မှုသည် တန်ချိန် ၈.၈ သန်းရှိခဲ့ပြီး ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ၅.၁၄ ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။