ထိုင်းစပါးစိုက်တောင်သူများကိုထောက်ပံ့ပေးနိုင်ရန် နိုင်ငံအဆင့်ဆန်မူဝါဒကော်မတီကအတည်ပြုပြီးဖြစ်သည့် အစီအမံများကို အကောင်အထည်ဖော်မည့် အစီအစဉ်များကြောင့် ၂၀၂၄-၂၅ စပါးရိတ်သိမ်းရာသီသစ်အတွက်ဈေးနှုန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိကြောင်း သိရှိရပါသည်။
စပါးတန်ချိန် ၁၃.၄ သန်းသည် ဈေးကွက်အတွင်းရောက်ရှိပြီဖြစ်ကြောင်း၊ ဆန်စက်များတွင် ဆန်လက်ကျန်ပမာဏလျော့နည်းနေခြင်းကြောင့် ထိုင်း Hom mali ရနံ့ပါဆန်၊ ပသူသနီဆန်နှင့် ကောက်ညှင်းဆန်အရောတို့၏ဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက်လျက်ရှိကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့ ပျမ်းမျှဈေးနှုန်းမှာ စိုထိုင်းမှု ၁၅ ရာခိုင်နှုန်းစပါးဈေးနှုန်းသည် ၁ တန်လျှင် ဘတ် ၁၀,၅၅၀ ဖြစ်ပြီး ၁ တန်လျှင် ဘတ် ၅၀၀ ဈေးနှုန်းမြင့်တက်ခဲ့ပါကြောင်း၊ အရှေ့မြောက်ခြမ်းတွင် မိုးများသောကြောင့် စပါးစိုထိုင်းမှုမြင့်တက်လာခဲ့ပြီး ရောင်းဈေးကျဆင်းခဲ့ပါကြောင်း၊ တောင်သူများအတွက် သင့်တင့်သော ဈေးနှုန်းဖြစ်စေရေးစောင့်ကြည့်ရန် ပြည်နယ်စီးပွားကူးသန်းရုံးများနှင့် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနကို ဝန်ကြီးကလမ်းညွှန်ထားကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mr. Wittayakorn Maneenetr က ပြောကြားခဲ့ပါသည်။
ပြည်နယ်စီးပွားကူးသန်းရုံးနှင့် ပူးပေါင်း၍ ၃၃ ပြည်နယ်ရှိ တောင်သူများနှင့် ချိတ်ဆက်ကာ ၂၀၂၄-၂၅ ရိတ်သိမ်းရာသီအတွက် ဈေးကွက်တစ်ခုကို နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ထိ နောင်ခိုင်တွင်လည်းကောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ Phrae ပြည်နယ်တွင် လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ Hom mali ဆန်၏ ပို့ကုန်ဈေးနှုန်းမှာ ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၉၃၅၊ ပသူသနီမှာ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၇၅၊ ဆန်ဖြူ ၁ တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၃၊ ပေါင်းဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၁ နှင့် ကောက်ညှင်းဆန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၈၁၈ စသည်ဖြင့် ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ဆန်တန်ချိန် ၈.၃၇ သန်း တင်ပို့ပြီးဖြစ်သဖြင့် ထိုင်းဆန်၏ပို့ကုန်သည် တိုးတက်မှုရှိနေပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါ သည်။
အမေရိကန်၊ ဟောင်ကောင်နှင့် ကနေဒါ အစရှိသည့် အဓိကဈေးကွက်များ၏ ဝယ်လိုအားကြောင့် ယခုနှစ်အတွင်း ဆန်တင်ပို့မှုသည် တန်ချိန် ၉ သန်းကိုရောက်ရှိနိုင်ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၆.၄ ဘီလီယံရရှိနိုင်သည်ဟု နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနနှင့် ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းက ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ယခုနှစ် နောက်ဆုံး ၃ လပတ်တွင် အဓိကဈေးကွက်များက ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက် ကြိုတင်ပြင်ဆင်မှုများကြောင့် ဝယ်လိုအားနှင့်အတူ ရိတ်သိမ်းရာသီသို့ နီးကပ်လာပြီဖြစ်သဖြင့် ထိုင်းဆန်တင်ပို့မှု မြင့်တက်လာနိုင်ကြောင်း၊ ကော်မတီက အတည်ပြုထားသည့် ဆန်ဈေးနှုန်းတည်ငြိမ်စေရေး အစီအမံများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် ဝန်ကြီးဌာနကို ဝန်ကြီးချုပ် H.E Ms. Paeto-ngtarn Shinawatra က လမ်းညွှန်မှာကြားထားပါကြောင်း၊ အဆိုပါ အစီအမံများသည် ရိတ်သိမ်းရာသီ အတွင်း ဆန်ပမာဏပိုလျှံသွားမှုကြောင့် ဈေးနှုန်းကျဆင်းမှုကို ကာကွယ်ရန်ဖြစ်ကြောင်း၊ ပထမ အစီအမံမှာ တန်ဖိုး ဘတ် ၈.၃၆ ဘီလီယံ နှင့် တန်ချိန် ၃ သန်းရှိသည့် စိုထိုင်းမှုအဆင့် ၂၅ ရာခိုင်နှုန်း ရှိသော Hom mali ဆန်ရောင်းချမှုကို ရွှေ့ဆိုင်းထားရန် တောင်သူများသို့ ချေးငွေထုတ်ပေးခြင်း၊ ဒုတိယအစီအမံမှာ အစိုးရနှင့်သဘောတူညီထားသည့် ပမာဏရရှိစေရေးအတွက် တောင်သူများထံမှ ဆန်စပါးများစုစည်းပေးမည့် ဆန်စပါးတောင်သူအသင်းသို့ ချေးငွေပေးအပ်ခြင်းနှင့် တတိယအစီအမံမှာ ဆန်စပါးအပေါင် အစီအစဉ်တွင်ပါဝင်သော သိုလှောင်ရုံလုပ်ငန်းရှင်များကို အထောက်အပံ့ပေးခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။