ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမ မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုကော်မတီက ကိုကိုးသီးနှံကို စိုက်ပျိုးသီးနှံကော်မတီခွဲ၏ စောင့်ကြည့်သီးနှံစာရင်းအတွင်း ထည့်သွင်းခဲ့ကြောင်း သိရှိရပါသည်။
စောင့်ကြည့်စာရင်းအတွင်းသို့ ထည့်သွင်းရခြင်းမှာ တောင်သူများကိုပံ့ပိုးပေးရန်၊ သီးနှံမြှင့်တင်ရန်နှင့် ဆက်စပ်ပြဿနာများကို ဖြေရှင်းရန် ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံစောင့်ကြည့်စာရင်းတွင် ကော်ဖီ၊ လက်ဖက်၊ ငရုတ်ကောင်းနှင့် လေချူသီး (Longan) တို့ပါဝင်ပါကြောင်း၊ ကော်မတီကို စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးသီးနှံဆိုင်ရာ ကော်မတီခွဲဖွဲ့စည်းရေးအတွက် သဘောတူညီပြီးဖြစ်ကြောင်း၊ ကော်မတီခွဲတွင် တောင်သူများအတွက် ဈေးကွက်ရှာဖွေရေးအဖွဲ့မှ ကိုယ်စားလှယ်များပါဝင်မည်ဖြစ်ပြီး ပြဿနာရပ်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Mr. Ekkaphap Polsue က ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင်း ကိုကိုးဈေးကွက်သည် ကြီးထားလာလျက်ရှိပြီး ၂၀၂၈ ခုနှစ်တွင် ကိုကိုးတန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော်လွန်နိုင်ရေး မျှော်မှန်းထားပါကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံးညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ဖြည့်စွက်ပြောကြားခဲ့ပါသည်။
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ယခင်နှစ်လယ်မှ ယခုနှစ်လယ်အထိ ကိုကိုးထွက်ရှိမှုကျဆင်းခဲ့သဖြင့် ဈေးနှုန်းမြင့်တက်မှုကိုဖြစ်စေပါကြောင်း၊ ဇန်နဝါရီအတွင်း ကမ္ဘာ့ဈေးကွက်ရှိ ကိုကိုးဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၆.၆ (၂၃၀ ဘတ်) ဖြစ်ပြီး ဈေးနှုန်းအားဖြင့် ၈၃.၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံရှိကိုကိုးထွက်ရှိမှုမှာ တန်ချိန် ၁,၂၅၆ ဖြစ်ရာ ကမ္ဘာ့ထုတ်လုပ်မှု၏ ၀.၀၂ ရာခိုင်နှုန်းဖြစ်ပြီး ယခုနှစ်တွင် တန်ချိန် ၃,၃၆၀ သို့ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းတောင်သူများကို သီးနှံစိုက်ပျိုးမှုဆိုင်ရာပံ့ပိုးပေးရန်၊ သီးနှံအရောင်းမြင့်တင်ရန်နှင့် အခြားသော သီးနှံဆိုင်ရာပြဿနာများကို ပိုမိုထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ ကော်ဖီ၊ လက်ဖက်၊ ငရုတ်ကောင်းနှင့် လေချူသီးတို့စသည့် စိုက်ပျိုးရေးနှင့် သမဝါယမမူဝါဒ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ စောင့်ကြည့်သီးနှံစာရင်းအတွင်းသို့ ကိုကိုးသီးနှံကို ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။