Thailand

ထိုင်းနိုင်ငံအတွင်း လုပ်ငန်းများ လည်ပတ်နိုင်ရန် ထိုင်းနိုင်ငံသားများ၏ အမည်များကို အသုံးပြုထား သော သံသယဖြစ်ဖွယ်ရှိသည့် နိုင်ငံခြားသားပိုင်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားနိုင် ရေးအတွက် အစီအစဉ်မူကြမ်းတစ်ရပ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ရေးဆွဲ လျက်ရှိခြင်း

Last Updated:

ထိုင်းနိုင်ငံအတွင်း လုပ်ငန်းများလည်ပတ်နိုင်ရန် ထိုင်းနိုင်ငံသားအမည်များကို အသုံးပြုထားသော သံသယဖြစ်ဖွယ်ရှိသည့် နိုင်ငံခြားသားပိုင်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်မူကြမ်းတစ်ခုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရေးဆွဲလျက်ရှိကြောင်း သိရှိရပါသည်။

အမည်သုံးလုပ်ငန်းများကိုကာကွယ်ရန်နှင့် နှိမ်နှင်းရန်အတွက် စုံစမ်းစစ်ဆေးရန်နှင့် ထိုင်းနိုင်ငံသားအမည်သုံးထားသည့် သံသယရှိသော ကုမ္ပဏီများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများပါဝင်သည့် အစည်းအဝေးတစ်ခုကိုကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေးမှ ကာလတို၊ ကာလလတ်နှင့် ကာလရှည်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို အတည်ပြုခဲ့ပါကြောင်း၊ ကာလတိုတွင် ဆက်စပ်အဖွဲ့အစည်းများက ရှိပြီးဖြစ်သော ဥပဒေများကိုအသုံးပြု၍ သံသယရှိသောအမည်များကို အသုံးပြုထားသည့်လုပ်ငန်းများကိုစောင့်ကြည့်၊ စစ်ဆေးပြီးနောက် စုံစမ်းမေးမြန်းခြင်းတို့ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေနှင့်ဆန့်ကျင်သောအမည်များကို ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Napintorn Srisunpang က ပြောကြားခဲ့ပါသည်။

ကာလလတ်တွင် အမည်များကိုသုံးစွဲထားသည့် မူမမှန်ပုံစံများကို တွေ့ရှိရန်အတွက် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ထိုင်းနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ လည်ပတ်မှုပုံစံကို စိစစ်မည့် စနစ်တစ်ခုတည်ထောင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ပိုမိုတင်းကျပ်သည့် ဥပဒေများကို ရှိစေလိုကြောင်း၊ အဆိုပါ စနစ်ကို ၆ လအတွင်း အပြီးသတ်နိုင်ရန် ခန့်မှန်းထားပါကြောင်း၊ ကာလရှည်တွင် ငွေကြေးခဝါချမှုနှင့် ဆက်စပ်ဥပဒေများအရ ဆုံးရှုံးနိုင်ခြေမြင့်မားသည့် ကုမ္ပဏီများကိုငြင်းဆိုခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းတို့ ဆောင်ရွက်နိုင်ရန် ငွေကြေးခဝါချမှုနှင့် စပ်လျဉ်းသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်သွားရန် စဉ်းစားထားပါကြောင်း၊ လက်ရှိတွင် ကုမ္ပဏီ ဒါရိုက်တာများသည် ဒေဝါလီခံထားခြင်း သို့မဟုတ် ဥပဒေအရအရည်အချင်းမပြည့်မီသူများကို လုပ်ငန်းမှတ်ပုံတင်ရန်ငြင်းဆိုပါကြောင်း ဒုတိယဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ အက်ဥပဒကိုလည်း အမည်သုံးခြင်းအတွက် ပြစ်ဒဏ်ကိုတိုးမြှင့်နိုင်ရေး ပြင်ဆင်သွားရန်ရှိကြောင်း၊ ထိုင်းဥပဒေများကို ချိုးဖောက်သည့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်ကြားမှုများအပြီးတွင် ဦးစီးဌာနသည် အထူးသဖြင့် အွန်လိုင်းပလက်ဖောင်းများ၊ သိုလှောင်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် စုံစမ်းစစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီး ပြစ်ဒဏ်များတွင် ထောင်ဒဏ်နှင့် ငွေဒဏ်ပေးဆောင်ခြင်းတို့ ပါဝင်ပါကြောင်း၊ ထိုင်းစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံ၏စီးပွားရေးကို အန္တရာယ်ဖြစ်စေသည့်အမည်သုံးစွဲခြင်း အလေ့အကျင့်ကိုနှိမ်နှင်းရန် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ အမည်သုံးစွဲခြင်းတွင် ပါဝင်သည့် ထိုင်းနိုင်ငံသားများအနေဖြင့် အဆိုပါ ဆောင်ရွက်ချက်ကိုရပ်ဆိုင်းရန်နှင့် အချက်အလက်များကို အစိုးရထံပေးပို့ပေးစေလိုကြောင်း ဒုတိယဝန်ကြီး H.E Mr. Napintorn က တိုက်တွန်းထားပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand