Thailand

မော်တော်ကားထုတ်လုပ်သည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Chongqing Sokon Motor က ထိုင်းနိုင်ငံအတွင်း လျှပ်စစ်မော်တော်ကား (Electric Vehicle –EV) ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် စိတ်အားထက်သန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ ပြည်တွင်း လျှပ်စစ်မော်တော်ကား (Electric Vehicle-EV) ဈေးကွက်တွင် ယှဉ်ပြိုင်မှုများ ပြင်းထန်လာလျက်ရှိသဖြင့် တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူ Chongqing Sokon Motor က ထိုင်းပြည်တွင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံ၍ EV ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

အာဆီယံနှင့် ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းသုံး EV နယ်ပယ်တွင် အခွင့်အလမ်းကောင်းများနှင့် အလားအလာမြင့်မားသည်ကို တွေ့ရှိရပါကြောင်း၊ထိုင်းစီးပွားရေးတိုးတက်လာသည်နှင့်အမျှ လုပ်ငန်းသုံး EV ဝယ်လိုအားသည်လည်း မြင့်တက်လာမည်ဟု ယုံကြည်ပါကြောင်း၊ ထိုင်းနိုင်ငံသည် အာဆီယံအတွင်း ခိုင်မာသော ထောက်ပံ့မှုကွင်းဆက်ရှိပါကြောင်း၊ အဆိုပါအချက်ကြောင့် ကုမ္ပဏီအနေဖြင့် EV ထုတ်လုပ်မှုအသစ်နှင့် ပို့ကုန်အချက်အခြာအဖြစ် ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ကပ် (Pickup)နှင့် ဗန် (Van) ကဲ့သို့သော ဘတ္တရီနှင့် လည်ပတ်သည့် လုပ်ငန်းသုံးကားများနှင့် စပ်လျဉ်း၍ Planet EV Co နှင့် ဆွေးနွေးနေပါကြောင်း ကုမ္ပဏီ၏ အရောင်းဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. David Luo က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ EV နယ်ပယ်အတွက် EV ထုတ်လုပ်ခြင်းနှင့် ဘတ္တရီအားသွင်းခြင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို စတင်သွားရန် စီစဉ်နေပါကြောင်း၊ EV အားသွင်းရုံများအတွတ် ဘတ် ၃၀-၄၀ သန်း အထိ သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ မော်တော်ကားရောင်းရနှုန်း၏ ၁၀ ရာခိုင်နှုန်းသည် EV ခရီးသည်တင်ကားများဖြစ်ပြီး EV ကားကို လူကြိုက်များလာပါကြောင်း၊ ၉၀ ရာခိုင်နှုန်းသည် အတွင်းပိုင်း လောင်ကျွမ်းအင်ဂျင်ကားများဖြစ်ကြောင်း Planet EV Co ၏ အကြီးတန်းအုပ်ချုပ်သူ Mr. Kittapart Wiriya-chanta က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် လုပ်ငန်းသုံး EV ဈေးကွက်သည် စတင်ကြီးထွားလာလျက်ရှိပြီး အနာဂတ်တွင် ရောင်းအားလည်း မြင့်တက်လာနိုင်ကြောင်း၊ Planet EV သည် Sokon အမှတ်တံဆိပ်အောက်မှ ဖြန့်ချိသူဖြစ်ကြောင်း၊ ပစ်ကပ်အပါအဝင် လုပ်ငန်းသုံး EV အမျိုးအစား ၃ မျိုးကို တရုတ်နိုင်ငံမှ တင်သွင်းမည်ဖြစ်ကြောင်း Mr. David Luo က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် လုပ်ငန်းသုံး EV အစီး ၁,၀၀၀ ရောင်းရန်နှင့် အားသွင်းစက် ၁,၀၀၀ တပ်ဆင်ရန် လျာထားကြောင်း၊ မော်တော်ကားပြခန်းကို ဗန်ကောက်တွင် ဆောက်လုပ်နေပြီဖြစ်ကြောင်း၊ ကုမ္ပဏီများသို့ လုပ်ငန်းသုံး EV များ ရောင်းချရန်လျာထားကြောင်း၊ လက်ရှိတွင် TPI Polene Power Plc သို့ အစီးရေ ၃၀ ရောင်းချထားပြီးဖြစ်ကြောင်း Mr. Kittapart က ပြောကြားခဲ့သည်။

 

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand