USA

ဥရောပတိုက်တွင်ဖြစ်ပွားသည့် စစ်ပွဲကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးကို တိုးတက်စေခဲ့

Last Updated:

ဥရောပတိုက်တွင် ဖြစ်ပွားသည့်စစ်ပွဲကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေး တိုးတက်လာခဲ့ ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၈-၂-၂၀၂၄ ရက်နေ့၌ “How War in Europe Boosts the U.S. Economy” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ရုရှား-ယူကရိန်းပဋိပက္ခတွင် ယူကရိန်းနိုင်ငံကို ထောက်ခံသည့်နိုင်ငံများသည် အမေရိကန် နိုင်ငံ၏ အကျိုးစီးပွား (သို့မဟုတ်) ကျင့်ဝတ်ပိုင်းအရတာဝန်ရှိမှုအပေါ် အမြဲတမ်းထောက်ခံ ပြောဆိုလေ့ရှိကြပြီး ဤသို့ထောက်ခံခြင်းသည် ၎င်းတို့၏စီးပွားရေးကို အကျိုးရှိစေခြင်းကြောင့် ဖြစ်ပါကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခစတင်ခဲ့သည့်လွန်ခဲ့သောနှစ်နှစ်အတွင်း အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများသည် စစ်လက်နက်ပစ္စည်း အမှာစာများ တိုးမြှင့်ရရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ပင်တဂွန်စစ်ဌာနချုပ် အပါအဝင် ဥရောပမဟာမိတ်နိုင်ငံများသည် ၎င်းတို့၏ စစ်တပ်အင်အားတိုးချဲ့ရန်အတွက် ကာကွယ်ရေး ပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီများမှ စစ်လက်နက်ပစ္စည်းအသစ်များသာမက ယူကရိန်းသို့ ပေးပို့ခဲ့သည့် စစ်လက်နက်ပစ္စည်းများကို အစားထိုးရန် ဝယ်ယူကြခြင်းဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ ဗဟိုဘဏ်၏ အချက်အလက်များအရ ရုရှား-ယူကရိန်းပဋိပက္ခစတင်သည့်အချိန်မှစ၍ အမေရိကန်နိုင်ငံ၏ အာကာသနှင့်ကာကွယ်ရေးကဏ္ဍရှိ ထုတ်လုပ်မှုသည် (၁၇.၅) ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ဖြည့်စွက် ကာကွယ်ရေးအသုံးစရိတ်ဥပဒေမူကြမ်းတွင် အသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၉၅) ဘီလီယံ လျာထားသည့်အနက် အမေရိကန်ဒေါ်လာ (၆၀.၇) ဘီလီယံကို ယူကရိန်းနိုင်ငံအား ထောက်ပံ့ရန် လျာထားပြီး ယင်းထောက်ပံ့ငွေ၏ (၆၄) ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး စက်မှုလုပ်ငန်းများသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်ဟု သမ္မတဂျိုးဘိုင်ဒင်အစိုးရ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါကြောင်း၊ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးမည့်ရန်ပုံငွေသည် အမေရိကန် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုနှင့် အလုပ်အကိုင်ရရှိနိုင်မှုတို့အတွက် အရေးပါသည်ဟု အမေရိကန် သမ္မတ၏ အမျိုးသား စီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး Ms. Lael Brainard က ပြောကြားခဲ့ ပါကြောင်း၊ လွန်ခဲ့သောနှစ်နှစ်အတွင်း ဥရောပနိုင်ငံများ၏ အစိုးရများသည် အမေရိကန်နိုင်ငံ၏ Jet fighters နှင့် အခြားစစ်တပ်သုံးပစ္စည်းများကို ဝယ်ယူမှုသည် ယင်းကာလမတိုင်မီနှစ်ပေါင်း (၂၀) ခန့်က ဝယ်ယူခဲ့သည့် ပမာဏနှင့်တူညီကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်သည့်ဖြည့်စွက်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၉၅) ဘီလီယံတွင် အစ္စရေးနိုင်ငံနှင့် ထိုင်ဝမ်တို့ကို ထောက်ပံ့မည့်ရန်ပုံငွေများလည်း ပါဝင်ကြောင်း နှင့် အဆိုပါအသုံးစရိတ်အား လက်ရှိရီပတ်ဘလင်ကန်ပါတီသမ္မတလောင်း နေရာရွေးချယ်ရာတွင် ဦးဆောင်နေသည့်ဒေါ်နယ်ထရမ့်ကို ထောက်ခံသော ရီပတ်ဘလင်ကန်များကကန့်ကွက်နိုင်သဖြင့် အောက်လွှတ်တော်ကအတည်ပြုရန်မသေချာကြောင်း သိရှိရပါသည်။  

ပိုလန်နိုင်ငံသည် အမေရိကန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀) တန်ဖိုးရှိ Apache helicopters ၊ High Mobility Artillery Rocket System ၊ Himars ၊ M1A1 Abrams tanks နှင့် အခြား စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အမှာစာပေးပို့ထားပြီး ဂျာမနီနိုင်ငံက အမေရိကန်ဒေါ်လာ (၈.၅) ဘီလီယံ တန်ဖိုးရှိ Chinook helicopters နှင့် ဆက်စပ်ပစ္စည်းများနှင့် ချက်သမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ (၅.၆) ဘီလီယံတန်ဖိုးရှိ F-35 Jets နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ကြပါ ကြောင်း၊ ရုရှားနိုင်ငံက ဥရောပနိုင်ငံများသို့ ပို့လွှတ်သည့် ဓာတ်ငွေ့ကိုဖြတ်တောက်လိုက်ခြင်း ကြောင့် ဥရောပနိုင်ငံများတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်ကာ ငွေကြေးဖောင်းပွမှုတို့ဖြစ်ပေါ် ခဲ့ပြီးနောက်တွင် ဥရောပနိုင်ငံများတွင် အမေရိကန်နိုင်ငံ၏ Liquefied Natural Gas (LNG) ကို ဝယ်လိုအား တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ကမ္ဘာ့ LNG ဓာတ်ငွေ့တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၏ LNG တင်ပို့မှု နှစ်ဆ တိုးတက်ရန် မျှော်မှန်းထားပြီး သုံးပုံနှစ်ပုံကို ဥရောပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း (၅၀) ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး ဤသို့တိုးလာခြင်းသည် အမေရိကန် နိုင်ငံတွင် ဈေးနည်း၍ အလွယ်တကူရရှိနိုင်သည့် လောင်စာဆီများရရှိခြင်းကြောင့် ဥရောပကုမ္ပဏီများက ဝင်ရောက်လာကြ၍ ဖြစ်ပါကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး စက်မှုလုပ်ငန်းများသည် လိုအပ်သည့် ပစ္စည်းများကို လျင်မြန်စွာ ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် ရုရှား-ယူကရိန်းပဋိပက္ခသည် အမေရိကန်ကာကွယ်ရေး မဟာဗျူဟာကို သတိပေးသကဲ့သို့ဖြစ်ခဲ့ပြီး အမေရိကန်နိုင်ငံအတွက်လည်း သင်ခန်းစာယူနိုင်သည့် သတင်းကောင်းတစ်ရပ်ဖြစ်သည်ဟု ဝါရှင်တန်မြို့အခြေစိုက်အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Center for Strategic and International Studies ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် ပညာရှင် Ms. Cynthia Cook က ပြောကြားခဲ့ပါကြောင်း၊ ဗြိတိန်နိုင်ငံ၏ ကာကွယ်ရေးစက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် BAE Systems သည် အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်တွင် ၎င်း၏လုပ်ငန်းများကို တိုးချဲ့ခဲ့ပြီး အလုပ်အကိုင် (၅၀၀) ကျော်ဖန်တီးပေးခဲ့ကြောင်းနှင့် General Dynamics ကုမ္ပဏီကလည်း အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် စက်ရုံအသစ် တည်ဆောက်ခဲ့ပြီး အလုပ်အကိုင်ပေါင်း (၁၂၀) ခန့် ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ သမ္မတဂျိုးဘိုင်ဒင် အစိုးရအရာရှိများကလည်း ယူကရိန်းသို့ ထောက်ပံ့မည့် ရန်ပုံငွေများသည် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းများကို လက်နက်နှင့်စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့်လုပ်ငန်းများတိုးချဲ့နိုင်ရေးအတွက်ဖြစ်ပြီး ယင်းကဏ္ဍတွင် အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယူကရိန်းနိုင်ငံအား ရန်ပုံငွေထောက်ပံ့ရန်နှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ယူကရိန်းသို့ ရန်ပုံငွေထောက်ပံ့ခြင်းသည် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး ကဏ္ဍကို တိုးတက်စေသည့်အပြင် အလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေကြောင်းနှင့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရ၏ ဆောင်ရွက်ချက်အဖြစ် အများပြည်သူသိရှိနိုင်စေရန်နှင့် ယူကရိန်းသို့ ထောက်ပံ့မည့် ရန်ပုံငွေနှင့် ပတ်သက်၍ ၎င်းကိုထောက်ခံမှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်ချက် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။  

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA