China(Nanning)

တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရေးအတွက် တရုတ်နှင့်ဂျာမနီတို့သည် စံနမူနာပြသင့်

Last Updated:

တရုတ်နှင့် ဂျာမနီတို့သည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့ကို ခိုင်မာစေရေး အတူတကွပူးပေါင်းဆောင်ရွက်သင့်ကြောင်းနှင့် တရုတ်နှင့် ဥရောပအကြား အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် စံနမူနာအဖြစ် ဦးဆောင်လမ်းပြသွားရန် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသော တရုတ်ဝန်ကြီးချုပ် Li Qiang က ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း xinhuanews ၌ဖော်ပြထားပါသည်။

တရုတ်ဝန်ကြီးချုပ်သည် ဂျာမနီဝန်ကြီးချုပ် Olaf Scholz နှင့်အတူ (၁၁) ကြိမ်မြောက် တရုတ်-ဂျာမနီ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်စဉ် အမှာစကားပြောကြားခဲ့ခြင်းဖြစ်ပြီး ဖိုရမ်သို့ တရုတ်နှင့် ဂျာမန်စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသောအုတ်မြစ်အဖြစ် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလမ်းကြောင်းကို အမိအရဆုပ်ကိုင်ရန်၊ လွတ်လပ်သောကုန်သွယ်မှုကို အားပေးထောက်ခံရန်နှင့် လူသားတို့၏ ဘုံသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်လိုအပ်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော် ကတည်းက တရုတ်နှင့်ဂျာမနီတို့သည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အတက်ကြွဆုံးဖြစ်ကာ ဘက်စုံ၊ နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုပုံစံသစ်ကို တဖြည်းဖြည်း ပုံဖော်လာခဲ့ကြကြောင်း သိရှိရပါသည်။

တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုသော့ချက်မှာ အပြန်အလှန်လေးစားသည့် စိတ်ဓာတ်ဖြင့် ကွဲပြားမှုများကို ဘေးဖယ်ထားကာ ဘုံသဘောတူညီမှု၊ အပြန်အလှန်အကျိုးအမြတ်ရှိမှုနှင့် လက်တွေ့ကျပြီး ဆန်းသစ်တီထွင်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို ရှာဖွေခြင်းဖြစ်သည်ဟု Li ကပြောကြားခဲ့ကြောင်းလည်း သိရှိရပါသည်။

ထို့အတူ ဂျာမနီသည် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သည့်လမ်းကြောင်းကို ကျင့်သုံးမည်မဟုတ်ကြောင်း၊ ပွင့်လင်းသောမူဝါဒကို ကျင့်သုံးမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေရန်နှင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင်သွားရန် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဂျာမနီဝန်ကြီးချုပ် Scholz က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်-ဂျာမနီ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ မတက်ရောက်မီ Li နှင့် Scholz တို့သည် တရုတ်နှင့်ဂျာမန်စွန့်ဦးတီထွင်သူ စီးပွားရေးကိုယ်စားလှယ် (၃၀) ကျော်နှင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။

ဂျာမနီအနေဖြင့် ၎င်း၏ဈေးကွက်ကို ပွင့်လင်းမြင်သာစွာ ဆက်လက်ထားရှိရန်နှင့် ဂျာမနီတွင် တရုတ်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် တရားမျှတ၍ ပွင့်လင်းမြင်သာမှုနှင့် ခွဲခြားမှုမရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဟု မျှော်လင့်ကြောင်း Li က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဖွံ့ဖြိုးတိုးတက်ရေးစသည့် နယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကောင်းများ ရှိနေသည်ဟု Li က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နှင့် ဂျာမနီတို့သည် အရေးပါသောပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြပြီး နှစ်နိုင်ငံစီးပွားရေး အသိုက် အဝန်းများသည် ပူးပေါင်းဆောင်ရွက်မှု ပိုမိုချဲ့ထွင်ရေးမူဝါဒကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

Source: https://english.news.cn/20230621/34c2ddc879864cae84a1433d909fc30a/ c.html

(စီးပွားရေးသံမှူး ၊ နန်နင်း)

Category: China(Nanning)