China(Nanning)

တရုတ်နိုင်ငံတွင် ကော်ဖီသောက်သုံးသည့် ယဉ်ကျေးမှု ပိုမိုပျံ့နှံလာ

Last Updated:

မြို့နေလူတန်းစားများကြားတွင် ကော်ဖီသောက်သုံးမှု ရေပန်းစားလာခြင်းနှင့် ဝင်ငွေ အလယ်အလတ်အုပ်စုများ များပြားလာခြင်းသည် တရုတ်နိုင်ငံ၏ ကော်ဖီကဏ္ဍတိုးတက်မှုကို လှုံ့ဆော်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

Oolong၊ Longjing (Dragon Well)နှင့် Xinyang Maojian လက်ဖက်ရည်များ ထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ စားသုံးသူများ၏ ကြိုက်နှစ်သက်မှုနှင့် စားသုံးမှုပုံစံများ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို တွေ့မြင်နေရကြောင်း သိရှိရပါသည်။

Starbucks နှင့် Costa ကဲ့သို့သော ကမ္ဘာ့ကော်ဖီဆိုင်ခွဲများနှင့် Luckin Coffeeနှင့် Manner Coffee ကဲ့သို့သော ပြည်တွင်းကော်ဖီဆိုင်လုပ်ငန်းများအကြား ပြင်းထန်သော ပြိုင်ဆိုင်မှုတို့နှင့်အတူ တရုတ်နိုင်ငံ၏ ကော်ဖီစေ့ ဝယ်လိုအား မြင့်တက်လာခြင်းသည် နိုင်ငံတစ်ဝန်းတွင် ကော်ဖီဆိုင်များ အများအပြား ဖွင့်လှစ်လာစေခဲ့ပြီး ကော်ဖီသောက်သုံးမှု သိသိသာသာ တိုးလာစေခဲ့ကြောင်း သိရှိရပါသည်။

ကော်ဖီစေ့တင်သွင်းသည့်အဓိကဒေသဖြစ်သော တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ် ၌ ကော်ဖီစေ့တင်သွင်းမှု သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ၎င်းပြည်နယ် သည် ၂၀၂၃ ခုနှစ်၊ ပထမငါးလအတွင်း တရုတ်ယွမ်ငွေ သန်း (၂၅၀) (အမေရိကန်ဒေါ်လာ ၃၄.၉ သန်း) တန်ဖိုးရှိ ကော်ဖီစေ့ (၈၁၉၃)မက်ထရစ်တန် တင်သွင်းခဲ့ပြီး ယခင်နှစ်ထက် (၆၅) ရာခိုင်နှုန်း တိုးတက်လာကြောင်း Nanjing Customs ၏ အချက်အလက်များအရ သိရှိရပါသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း ဘရာဇီး၊ ကိုလံဘီယာနှင့် အီသီယိုးပီးယားတို့မှ ကော်ဖီစေ့များ တင်သွင်းခဲ့သည်ဟု Jiangsu ပြည်နယ်ရှိ Kunshan Yiguo International Trade Co Ltd ၏ မန်နေဂျာ Wang Rui က ပြောကြားခဲ့ပါသည်။ ၎င်းတို့ကုမ္ပဏီသည် ယခုနှစ်၊ ပထမခြောက်လအတွင်း ကော်စတာရီကာနိုင်ငံမှ ကော်ဖီစေ့ (၇၆.၈)တန်ကို ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့ကြောင်းလည်း သိရှိရပါသည်။

GACC သည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ဟွန်ဒူးရပ်စ်နိုင်ငံမှ ကော်ဖီစေ့များကို တင်သွင်းခွင့် ပြုပြီးနောက် Wang ၏ ကုမ္ပဏီသည် အနာဂတ်တွင် အမေရိကအလယ်ပိုင်းနိုင်ငံမှ ကော်ဖီစေ့များကို ဝယ်ယူသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဟွန်ဒူးရပ်စ်နိုင်ငံမှ ကော်ဖီစေ့ရောင်းချသူများသည် တရုတ်နိုင်ငံတွင် ကော်ဖီတင်ပို့ခွင့် လုပ်ငန်းမှတ်ပုံတင်ခြင်းကို လျှောက်ထားရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းတို့သည် ပို့ကုန်အရည်အသွေးပြည့်မီပါက ကော်ဖီစေ့များကို တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်သွင်းနိုင်မည်ဖြစ် ကြောင်း Wang က ပြောကြားခဲ့ပါသည်။

တရုတ်စားသုံးသူများသည် ကော်ဖီထုတ်ကုန်များကို ရွေးချယ်ဝယ်ယူလာခြင်းကြောင့် ကော်ဖီထုတ်လုပ်သော ဒေသများသို့ ဈေးကွက်ချဲ့ထွင်ပြီး အရည်အသွေးမြင့် ကော်ဖီများကို တရုတ်ဈေးကွက်သို့ အထူးသဖြင့် ယန်ဇီမြစ်ဝှမ်းနှင့် ပုလဲမြစ်ဝှမ်းဒေသများတွင် တည်ရှိသောမြို့များသို့ ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့ပါသည်။

အဓိကကော်ဖီတင်သွင်း၊ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုဖြစ်သည့် Kunshan သည် ယခုနှစ်၊ ပထမငါးလတွင် ယွမ် (၁၈၅) သန်းတန်ဖိုးရှိ ကော်ဖီစေ့များကို တင်သွင်းခဲ့ပြီး ယခင်နှစ် ထက် (၂၀၆.၅)ရာခိုင်နှုန်း တိုးတက်လာသည်ဟု အကောက်ခွန်ဆိုင်ရာအချက်အလက်များက ဖော်ပြထားကြောင်း သိရှိရပါသည်။

မြို့ကြီးများတွင် ကော်ဖီသောက်သုံးမှု မြင့်တက်လာခြင်းအပြင် ဝင်ငွေအလယ်အလတ် စားသုံးသူအုပ်စု များပြားလာခြင်းကြောင့် ကော်ဖီလုပ်ငန်းတွင် အဓိကစားသုံးသူအဖြစ် တရုတ်နိုင်ငံသည် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပေကျင်းအခြေစိုက် China National Food Industry Association ၏ ဒုတိယဥက္ကဋ္ဌ Wang Qi က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ကော်ဖီအမှတ်တံဆိပ်များ၏ ရည်မှန်းချက်မှာ တရုတ်လူမျိုးများ ကြိုက်နှစ်သက်သည့် အရသာနှင့် လိုက်လျောညီထွေရှိသော ကော်ဖီကို ဖန်တီးရန်သာမက ကော်ဖီသောက်သုံးမှု ခေတ်ရေစီးကြောင်းကို ဦးဆောင်ကာထူးခြားသော တရုတ်ကော်ဖီယဉ်ကျေးမှုကို ပုံဖော်နိုင်ရန် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

 

 

 

 

Source: www.chinadaily.com.cn/a/202307/19/WS64b74345a31035260b81741a.html   

( စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)