Thailand

ကတ္တရာထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Tipco Asphalt (Tasco) က ဗင်နီဇွဲလားနိုင်ငံမှ ရေနံစိမ်း ပြန်လည်ဝယ်ယူတင်သွင်းနိုင်ရေး ဆွေးနွေးလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ စတော့အိတ်ချ်ချိန်းစာရင်းဝင် ကတ္တရာထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Tipco Asphalt (Tasco) က ကုမ္ပဏီ၏ ကုန်ကြမ်းအကန့်အသတ်များကြောင့် ရေနံစိမ်းဈေးနှုန်းနိမ့်သည့် ဗင်နီဇွဲလားနိုင်ငံမှ ရေနံစိမ်း ပြန်လည်ဝယ်ယူတင်သွင်းနိုင်ရေး ဆွေးနွေးလျက်ရှိကြောင်း၊ အမေရိကန်က လက်တင်အမေရိကန်နိုင်ငံများအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုများကို ဖြေလျှော့လိုက်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ဗင်နီဇွဲလားနိုင်ငံမှ ရေနံပို့ကုန်များအပေါ် ပိတ်ဆို့မှုကိုဖြေလျှော့ပေးသည့် အထွေထွေလိုင်စင်အမှတ် ၄၄ ကို အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့ပါကြောင်း၊ Tasco အနေဖြင့် ကတ္တရာထုတ်လုပ်ရေးအတွက် ကုန်ကြမ်းဖြစ်သော ရေနံစိမ်းကို အခြားနိုင်ငံများတွင် ဈေးနှုန်းမြင့်မားနေသဖြင့် ဈေးနိမ့်သော ဗင်နီဇွဲလားနိုင်ငံမှ ပမာဏများစွာ တင်သွင်းလိုကြောင်း၊ ရေနံစိမ်းဝယ်ယူရေးနှင့်စပ်လျဉ်း၍ ဗင်နီဇွဲလားအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီဖြစ်သော Petroleos de Venezuela SA နှင့် ဆက်သွယ်ခဲ့ပါကြောင်း Tasco ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr. Chaiwat Srivalwat က ပြောကြားခဲ့သည်။

ဝယ်ယူမည့်ဆီပမာဏကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသေးပါကြောင်း၊ ပိတ်ဆို့မှုမတိုင်ခင် ကာလများတွင် ကုမ္ပဏီအနေဖြင့် ၁ နှစ်လျှင် ရေနံစိမ်း သင်္ဘော ၁၂ စီး တင်သွင်းခဲ့ပါကြောင်း၊ ဗင်နီဇွဲလားနိုင်ငံမှ မဝယ်ယူခဲ့သည်မှာ ၃ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်၍ ဆီအရည်အသွေးကို ဦးစွာစစ်ဆေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းသည် အကန့်အသတ်ရှိသဖြင့် ကတ္တရာထုတ်လုပ်ရန်အတွက် ရေနံစိမ်းလုံလောက်သောပမာဏကို ဝယ်ယူသွားမည်ဖြစ်ပြီး ဆီသန့်စင်သူများထံမှလည်း ကတ္တရာကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကတ္တရာကဏ္ဍ တိုးတက်မှုသည် ကပ်ရောဂါကာလမတိုင်မီအဆင့်သို့ မရောက်ရှိနိုင်သေးပါကြောင်း၊ အစိုးရ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှု စီမံကိန်းများအပေါ်တွင် သုံးစွဲမှုနှောင့်နှေးနေသောကြောင့်ဖြစ်ကြောင်း၊ သို့သော်လာမည့်နှစ် ပထမ ၃ လပတ်အတွင်း တိုးတက်မှုရှိလာမည်ဟု မျှော်လင့်ရကြောင်း၊ နိုင်ငံတကာတွင်လည်း တရုတ်နှင့် ဗီယက်နမ်ဈေးကွက်များတွင် ကတ္တရာဈေးနိမ့်နေပါကြောင်း၊ ထိုင်းပြည်တွင်း ဝယ်လိုအားကို တန်ချိန် ၄၀,၀၀၀ ခန့်မှန်းထားပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကတ္တရာရောင်းအားသည် တန်ချိန် ၂ သန်း ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် ၁.၁၅-၁.၂ သန်း ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဝယ်လိုအား ကျဆင်းခဲ့သောကြောင့် ဝင်ငွေ ဘတ် ၅.၈၉ ဘီလီယံနှင့် အသားတင်အမြတ် ဘတ် ၂၀၂ သန်း ရှိကြောင်း Mr. Chaiwat က ဆက်လက် ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand