Thailand

သကြားဈေးတိုးမြှင့်ပြီးနောက် သကြားဈေးကွက်ပုံမှန်အတိုင်းရှိစေရေး ထိုင်းနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ဆောင်ရွက်

Last Updated:

သန့်စင်ပြီးသကြားဈေးကွက်အတွက် သကြားလုံလုံလောက်လောက် ထောက်ပံ့ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါကြောင်း၊ သကြားဈေးနှုန်းကို ၂ ဘတ်တိုးမြှင့်သည့် အစိုးရအဖွဲ့အစည်းအဝေးပြီးနောက် စားသုံးသူများက ပမာဏများစွာ ဝယ်ယူကြသဖြင့် ပထမ ၂ ရက်တွင် ရောင်းလိုအားတွင် တင်းကျပ်နိုင်ပါကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Wattanasak Sur-iam က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် နှစ်စဉ် သန့်စင်ပြီး သကြားတန်ချိန် ၈ သန်း ထုတ်လုပ်ပြီး ပြည်တွင်း၌ တန်ချိန် ၂.၅ သန်း စားသုံးကာ ကျန်ပမာဏကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ ကြံနှင့် သကြားဘုတ်အဖွဲ့ရုံးအား သကြားသန့်စင်စက်ရုံများနှင့် ပူးပေါင်း၍ သကြားပေးပို့မှုကို ပြန်လည်သုံးသပ်ရန် ဝန်ကြီးဌာနက တောင်းဆိုခဲ့ကြောင်း၊ ပေးပို့မှုများသည် ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိသည့် အတည်ပြုချက်ကို ဝန်ကြီးဌာနက လက်ခံရရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်းသကြား ဈေးကွက်ကိုစောင့်ကြည့်ရန် စောင့်ကြည့်အဖွဲ့ကို ဖွဲ့စည်းထားပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စတိုးဆိုင်များက သန့်စင်ပြီးသကြား ပြတ်လပ်မှုကို ကြုံတွေ့ရပါက သကြားစက်ရုံများသို့ ချိတ်ဆက်၍ ပေးပို့ပေးရန် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဦးစီးဌာနသို့ ဆက်သွယ်ရန်လိုအပ်ကြောင်း၊ စက်ရုံများ၊ စတိုးဆိုင်များနှင့် ဈေးဆိုင်များက သန့်စင်ပြီးသကြားကို သိုလှောင်ထားသည်ကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ချက်ချင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများ အက်ဥပဒေ၊ အခန်း ၃၀ အရ သိုလှောင်ခြင်းအတွက် ဒဏ်ကြေးမှာ ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ဘတ် ၁၄၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ်နှင့် ဒဏ်ငွေ ၂ ရပ်လုံး ကျခံရမည်ဖြစ်ကြောင်း၊ အမြတ်ထုတ်ခြင်းနှင့် ဈေးနှုန်းတင်ရောင်းခြင်းကို စစ်ဆေးတွေ့ရှိပါက ဥပဒေ အခန်း ၂၉ အရ အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၇ နှစ် သို့မဟုတ် ငွေဒဏ် ၁၄၀,၀၀၀ သို့မဟုတ် ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံး ကျခံရမည်ဖြစ်ကြောင်း Mr. Wattanasak က ရှင်းလင်းပြောကြားခဲ့သည်။

သကြားဈေးနှုန်း မြင့်တက်ခြင်းနှင့် စပ်လျဉ်း၍ သန့်စင်ပြီးသကြားကို အစားအစာနှင့် အဖျော်ယမကာများတွင် ပါဝင်ပစ္စည်းအနေဖြင့် အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်မည်သူတစ်ဦးတစ်ယောက်မျှ ဈေးနှုန်းညှိနှိုင်းပေးရန် အသနားခံစာတင်ပြလာခြင်း မရှိပါကြောင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် စားသုံးသူများ၏ ဝယ်ယူမှုစွမ်းအားကို ထိခိုက်စေမည်ကို စိုးရိမ်သဖြင့် လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်ပစ္စည်းဈေးနှုန်းများကို ကန့်သတ်ရန် ကြိုးပမ်းနေသည်ဟု ဌာနအနေဖြင့် ယုံကြည်ပါကြောင်း၊ အစိုးရနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့သည် လူနေမှုစရိတ် သက်သာစေရန် ဤကာလအတွင်း ဈေးနှုန်းတည်ငြိမ်ရေး လိုလားပါကြောင်း Mr. Wattanasak က ပြောကြားခဲ့သည်။

 

 

 

Source: www.bangkokpost. gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand