USA

ဒေါ်နယ်ထရမ့်လက်ထက် အာရှနိုင်ငံများကြုံတွေ့ရမည့်ခြိမ်းခြောက်မှုမှာ အကောက်ခွန်တိုးမြှင့်မှု တစ်ခုတည်းသာမဟုတ်နိုင်

Last Updated:

ဒေါ်နယ်ထရမ့်လက်ထက် အာရှနိုင်ငံများကြုံတွေ့ရမည့် ခေါင်းခဲစရာကိစ္စရပ်မှာ ကုန်သွယ် မှုစစ်ပွဲတစ်ခုတည်းသာမဟုတ်ဘဲ ဒေါ်လာပြဿနာပါ ပါဝင်လာနိုင်ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။

ဒေါ်နယ်ထရမ့်သမ္မတအဖြစ် ဒုတိယအကြိမ်ရွေးကောက်ခံရပြီးနောက် ဒေါ်လာတန်ဖိုးသည်မြင့်တက်လာခဲ့ကြောင်း၊ ဤသို့မြင့်တက်လာခြင်းမှာ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံရန်၊ အခွန်လျှော့ချရန်နှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒများကြောင့် ငွေကြေးဖောင်းပွမှုဖြစ်စေနိုင်သည်ဟု ယူဆကြ၍ဖြစ်ကြောင်း၊ အကယ်၍ငွေကြေး ဖောင်းပွမှုမြင့်တက်လာပါက အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကိုတိုးမြှင့်နိုင်ကာ အတိုးနှုန်းမြင့်မားလာပါက ဒေါ်လာပိုင်ဆိုင်လိုမှုသည်လည်းမြင့်တက်လာနိုင်ကြောင်း၊ ယင်းအခြေအနေ များဖြစ်လာပါက အာရှနိုင်ငံများမှ ဗဟိုဘဏ်များအတွက် ပြင်းထန်သည့်ပြဿနာတစ်ရပ် ဖြစ်လာနိုင်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ အဓိကဦးစားပေး ပစ်မှတ်တစ်ခုဖြစ်ရာ မမျှော်မှန်းနိုင်သည့်ဆုံးရှုံးမှုများကြောင့် အာရှတိုက်အတွင်းရှိ စီးပွားရေးအရ ချိတ်ဆက်လျက်ရှိသည့် နိုင်ငံများအပေါ်သက်ရောက်မှုဖြစ်စေနိုင်ကြောင်း၊ တရုတ်နိုင်ငံမှအပကျန် အာရှနိုင်ငံများသည် အမေရိကန်နိုင်ငံ၏ ဝယ်လိုအားအပေါ် များစွာမှီခိုလျက်ရှိပြီး ၂၀၁၈ ခုနှစ်တွင် အမေရိကန်သို့တင်ပို့သည့် ပို့ကုန်ပမာဏသည် (၁၁.၇) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် (၁၄.၇) ရာခိုင်နှုန်းသို့ မြင့်တက်လာသည်ဟု Morgan Stanley ၏ အချက်အလက်များအရ သိရှိရကြောင်း၊ ဤသို့ပို့ကုန်ပမာဏများလာခြင်းသည် တရုတ်နိုင်ငံ၏ပို့ကုန်များကို အာဆီယံနိုင်ငံများမှ တစ်ဆင့်တင်ပို့လာ၍ဖြစ်နိုင်ကြောင်း၊ ငွေကြေးတန်ဖိုးကျဆင်းခြင်းသည် အကောက်ခွန်နှုန်းတိုးလာခြင်းကိုချိန်ညှိရန် အထောက်အကူပြုနိုင်မည်ဖြစ်သော်လည်း အမေရိကန်ထုတ်ကုန်များနှင့် နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်စွမ်းကျဆင်းမည်ဖြစ်ရာ ယင်းအခြေအနေတွင် ရင်းနှီးမြှုပ်နှံမှုမတည်ငွေများသည်လည်း ပြင်ပနိုင်ငံများသို့ စီးဆင်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းအခြေအနေသည် အိမ်ခြံမြေဈေးကွက်ပြဿနာကြောင့် စီးပွားရေးနှေးကွေးမှုကို ဖြေရှင်းရလျက်ရှိသည့် တရုတ်နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲအတွင်း တရုတ်ယွမ်တန်ဖိုးသည် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက (၁၀) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုအကြိမ်၌သတ်မှတ် ကောက်ခံမည့် အကောက်ခွန်နှုန်းသည် ယခင်ကထက်မြင့်မားရာ တရုတ်ယွမ်တန်ဖိုး ပို၍ကျဆင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် အမှန်တကယ် တိုးမြှင့်ကောက်ခံမည့်နှုန်းထားအပေါ်မူတည်၍  တုံ့ပြန်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်ယွမ်တန်ဖိုး ကျဆင်းနိုင်သော်လည်း နိုင်ငံအတွင်းမှမတည်ရင်းနှီးငွေများ ပြင်ပနိုင်ငံများသို့ စီးဆင်းသွားနိုင်သဖြင့် များစွာကျဆင်းမည့်အလားအလာရှိမည်မဟုတ်ကြောင်း၊ မတည်ရင်းနှီးငွေများ ပြင်ပနိုင်ငံများသို့ စီးဆင်းသွားခြင်းမှာ အခြားအာရှနိုင်ငံများအတွက် ပြဿနာတစ်ရပ်မဟုတ်သော်လည်း ငွေကြေးတန်ဖိုးကျဆင်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုများလာပါက အထူးသဖြင့်စွမ်းအင်နှင့် စားသောက်ကုန်များ အပါအဝင်သွင်းကုန်များ ဈေးတက်လာနိုင်ကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံမှအပ ကျန်အာရှနိုင်ငံများ အတိုးနှုန်းလျှော့ချလာနိုင်ကြောင်း၊ အာရှနိုင်ငံများ၏ ဗဟိုဘဏ်များရှိ ဒေါ်လာအရန်ငွေများပြားပြီး ၎င်းတို့၏ငွေကြေးတန်ဖိုး လျင်မြန်စွာကျဆင်းမည့်အခြေအနေရှိပါက ဗဟိုဘဏ်များကကြားဝင်၍ ထိန်းလာနိုင်ကြောင်း၊ အကယ်၍ အမေရိကန်ဒေါ်လာတန်ဖိုးသည် အာရှနိုင်ငံများရှိ ငွေကြေးတန်ဖိုးထက် မြင့်တက်နေ ခဲ့လျှင် ယင်းအခြေအနေတွင်ပင် မတည်ရင်းနှီးငွေများ ပြင်ပနိုင်ငံများသို့ စီးဆင်းနိုင်ကြောင်း၊ ၂၀၀၈ ခုနှစ်မှစ၍ ဒေါ်လာတန်ဖိုးမြင့်တက်နေချိန်အတွင်း ဂျပန်ယန်းငွေမှအပ ကျန်အာရှနိုင်ငံများ ၏ရှယ်ယာတန်ဖိုးများသည် ပျမ်းမျှ (၁၃)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် အာရှနိုင်ငံများရှိ ဗဟိုဘဏ်များအနေဖြင့်လည်း အန္တရာယ်ရှိသည့်အခြေအနေနှင့် ကြုံတွေ့ရနိုင်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။  Wall Street Journal)

စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ

 

Category: USA