Korea

Hyundai Motor Group က ရုရှားနိုင်ငံရှိ ကားစက်ရုံကို ရောင်းချသွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor Group သည် ရုရှားနိုင်ငံ St. Petersburg မြို့တွင် ထူထောင်ထားရှိသည့် ကားထုတ်လုပ်သည့်စက်ရုံ၏ ရှယ်ယာအားလုံးရောင်းချသွားမည် ဖြစ်သည်ဟု ၁၉-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါကားစက်ရုံကို ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်သည့် ၂၀၂၂ ခုနှစ်၊ မတ်လမှစ၍ ယနေ့အထိ ယာယီပိတ်ထားခဲ့ရသည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။  

Hyundai Motor Group ၏ ဒါရိုက်တာအဖွဲ့ကလည်း St. Petersburg မြို့ရှိ Hyundai Motor Manufacturing Rus (HMMR) နှင့်တစ်ကွ ၂၀၂၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့သည့် General Motor Plant ကိုပါ ရုရှားကားဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Art-Finance သို့ ရောင်းချသွားရန် သဘောတူခဲ့ ကြပါသည်။ ဝယ်ယူရန်ကမ်းလှမ်းလာသည့် ရုရှားကုမ္ပဏီများအနက် Art-Finance သည် ဈေးပေးမှုအများဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

HMMR ကို ရောင်းချမည်ဖြစ်သော်လည်း ရုရှားပြည်တွင်းရောင်းချထားသည့် ကားများအတွက် ကားရောင်းပြီးနောက်ပေးအပ်သည့်ဝန်ဆောင်မှုကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ HMMR သည် Hyundai Motor Group ၏ ၆ ခုမြောက် ပြည်ပအခြေစိုက် ကားထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး ၂၀၁၁ ခုနှစ်မှစ၍ စီးပွားဖြစ်လည်ပတ်နိုင်ခဲ့ပါကြောင်း၊ တစ်နှစ်လျှင် ကားစီးရေ ၂၀၀,၀၀၀ ထုတ်လုပ်နိုင်ပြီး အဓိကအားဖြင့် Hyundai Solaris၊ Creta နှင့်  Kia’s Rio မော်ဒယ်များကို ထုတ်လုပ်ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ကားအစီးရေ ၂၃၄,၀၀၀ စီး ထုတ်လုပ်ခဲ့ပြီး ၃၇၃,၁၃၂ စီး ရောင်းချခဲ့ရပါကြောင်း၊  ပြည်တွင်းဈေးကွက်၏ ၂၄ ရာခိုင်နှုန်းအထိ ဈေးကွက်ဝေစုရရှိထားပါကြောင်း Hyundai Motor Group က ထုတ်ပြန်ကြေ ညာခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ်တွင် Hyundai Motor Group သည် အမေရိကန်ပြည်ထောင်စုရှိ ကား ကုမ္ပဏီတစ်ခုဖြစ်သည့် General Motor ပိုင် GM’s Russian Plant ကို ဝယ်ယူခဲ့ရာ အဆိုပါ စက်ရုံမှတစ်နှစ်လျှင် ကားအစီးရေ ၁၀၀,၀၀၀ ထုတ်နိုင်သည့်အတွက် Hyundai Motor Group ပိုင် ရုရှားနိုင်ငံရှိ ကားစက်ရုံများမှ တစ်နှစ်လျှင်ကားအစီးရေ ၃၀၀,၀၀၀ စီး ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့သော် စစ်ပွဲစတင်သည့်နောက်ပိုင်း ထုတ်လုပ်မှုလျော့ကျလာရာ ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၄၄,၀၀၀ သာထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တစ်စီးမျှ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ လုပ်သား ၂,၅၀၀ ဦးကို အလုပ်မှထုတ်ခဲ့ရပြီး ကျန်လုပ်သားများကို လစာပြည့်ဖြင့် ခွင့်ပေးထားရပါကြောင်း၊ စစ်ပွဲကြောင့် Hyundai သာမက Toyota နှင့်  Volkswagen ကားကုမ္ပဏီများသည်လည်း ရုရှားနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်ပါကြောင်း၊ Hyundai အနေဖြင့် ကားစက်ရုံကို ရောင်းချလိုက်သော်လည်း ဈေးကွက်ကြီးဖြစ်သည့်အတွက် ရုရှားနိုင်ငံဈေးကွက်ကို လျစ်လျှူမရှုနိုင်ပါကြောင်း၊ ရုရှားနိုင်ငံဈေးကွက်သို့ တရုတ်နိုင်ငံမှ ကားကုမ္ပဏီများလည်း ဝင်ရောက်လျက်ရှိရာများသောအားဖြင့် ဈေးသက်သာသည့်ကားများဈေးကွက်ကို ဝင်‌ရောက်မှုများပါကြောင်း၊ Hyundai Motor အနေဖြင့် တရုတ်နိုင်ငံမှ ကားကုမ္ပဏီများဖြင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်အပြင် ရုရှားနိုင်ငံသည် ချမ်းသာသည့်နိုင်ငံဖြစ်သည့်အတွက် Genesis နှင့် အသစ်စထုတ်သည့် ကားများကဲ့သို့သော အရည်အသွေးမြင့် မော်ဒယ်ကားဈေးကွက်ကိုသာ အဓိကထားထိုးဖောက်ရန် ရည်ရွယ်ထားပါကြောင်း Hyundai Motor Group မှ ပြောကြားခဲ့ပါသည်။

 

 

Source: https://www.koreaherald.com/view.php?ud=20231219000733

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea