USA

အမေရိကန်နိုင်ငံသားများ၏ စီးပွားရေးတိုးနှုန်းအပေါ်ရှုမြင်ပုံသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်လာ

Last Updated:

အမေရိကန်နိုင်ငံသားများ၏ စီးပွားရေးတိုးနှုန်းအပေါ်ရှုမြင်ပုံသည် ဆယ်စုနှစ်အတွင်း အမြင့်ဆုံး ဖြစ်လာခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၉-၁-၂၀၂၄ ရက်နေ့၌ “Americans Are Suddenly Upbeat About Economy. Sentiment Just Logged Its Biggest Jump in Decades” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံသား စားသုံးသူများအနေဖြင့် စီးပွားရေးတိုးနှုန်းသည် အကောင်းဘက်သို့ရောက်ရှိ မည်ဟု ရုတ်တရက်ယူဆလာခဲ့ကြပြီး အမေရိကန်နိုင်ငံသားများ၏ Consumer Sentiment သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ လယ်ပိုင်းတွင် (၁၃) ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်ဟု မီချီကန်တက္ကသိုလ်၏ လေ့လာမှုအရ သိရှိရပါကြောင်း၊ ဤတိုးနှုန်းသည် ရုတ်တရက်တိုးလာခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် စုစုပေါင်း (၂.၉) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သဖြင့် ၁၉၉၁ ခုနှစ်နောက်ပိုင်း Consumer Sentiment တိုးနှုန်းသည် အမြင့်ဆုံးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသားများ၏ စီးပွားရေးအပေါ် အကောင်းမြင်မှုသည် အချက်အလက်များစွာတွင် အခြေခံပါကြောင်း၊ အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်း ကျဆင်းခဲ့ပြီး အလုပ်သမားခေါ်ယူမှုသည် မြင့်တက်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှု နှေးကွေးလာသည့်အပြင် အပေါင်စာချုပ်ဖြင့်ချေးငွေအတိုးနှုန်းမှာလည်း ကျဆင်းလာခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုနှင့် စပ်လျဉ်းသည့် စားသုံးသူများ၏ယူဆချက်သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် (၂.၉) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ ပြီး ဤနှုန်းသည် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်းတွင် အနည်းဆုံးဖြစ်ပါကြောင်း၊ အိမ်ဝယ်ယူမှုနှင့် ပတ်သက်သည့်အမြင်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၁၀) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ဤသို့ မြင့်တက်လာခြင်းသည် လာမည့်နှစ်တွင် အပေါင်စာချုပ်ဖြင့်ချေးငွေအတိုးနှုန်းမှာ ကျဆင်းလာမည်ဟု ယူဆ၍ ဖြစ်ကြောင်း၊ အိမ်ထောင်စုများ၏ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁)သိန်း (သို့မဟုတ်) ယင်းထက်ပို၍ ဝင်ငွေရှိသည့် အိမ်ထောင်စုများအကြား စီးပွားရေးတိုးနှုန်းအပေါ် အကောင်းမြင်မှုပို၍ မြင့်တက်ခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပေါ်သည့်အကြောင်းရင်းမှာ အမေရိကန်စတော့ဈေးကွက် ခိုင်မာလာ၍ဖြစ်ပါကြောင်း၊ ဝင်ငွေမြင့်မားသည့် အမေရိကန်အိမ်ထောင်စုများသည် ဝင်ငွေနည်းသည့် အိမ်ထောင်စုများထက် စတော့ရှယ်ယာ ပို၍ပိုင်ဆိုင်ကြပါကြောင်း၊ အမေရိကန်နိုင်ငံသားများ၏ စီးပွားရေးအပေါ်ရှုမြင်မှုနှင့်ပတ်သက်၍ သတိထား ရမည့်အချက်မှာ  အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းတိုးတက်လာခြင်းကြောင့် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်နိုင်သဖြင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည်စီးပွားရေး ကျဆင်းမှုဖြစ်လာနိုင်သည်ဟု စီးပွားရေးပညာရှင်အချို့က ခန့်မှန်းထားကြောင်း၊ ငွေကြေးဖောင်းပွမှုသည် အရှေ့အလယ်ပိုင်းနှင့် ယူကရိန်းပဋိပက္ခတို့ကြောင့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း၊ ဓာတ်ဆီ ဈေးနှုန်းနှင့် စားသောက်ကုန်ဈေးနှုန်း (သို့မဟုတ်) စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် အမေရိကန်နိုင်ငံသားများ၏ စီးပွားရေးတိုးနှုန်းအပေါ် အကောင်းမြင်စိတ်ကို ထိခိုက်စေနိုင်ကြောင်း၊ စီးပွားရေးတိုးတက်ကောင်းမွန်လာပါက အမေရိကန်ဗဟိုဘဏ်သည် အတိုးနှုန်းကို ကာလရှည်တိုးမြှင့်နိုင်သဖြင့် အမေရိကန်နိုင်ငံသားများသည် အိမ်၊ မော်တော်ယာဉ်နှင့် အသုံးအဆောင်ပစ္စည်းများကို ဈေးနှုန်းပိုပေး၍ ဝယ်ယူရနိုင်ပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA