USA

၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ အိမ်ရောင်းအား အနိမ့်ဆုံးသို့ကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ အိမ်ရောင်းအား အနိမ့်ဆုံးသို့ကျဆင်းခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၁၉-၁-၂၀၂၄ ရက်နေ့၌ “The Economy Is Starting to Look Normal – Housing Isn’t” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

နှစ်ပေါင်း (၂၈) နှစ်အတွင်း အမေရိကန်နိုင်ငံ၏အိမ်ရောင်းအားသည် အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီး ဤသို့ဖြစ်ခြင်းသည် ဈေးသက်သာသည့်အိမ်ကို ဝယ်ယူနိုင်မှုမရှိခြင်းနှင့် အိမ်ရောင်းချလိုမှု ကျဆင်းခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်မှစ၍ အိမ်ရောင်းအား ကျဆင်းမှုအနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုဝင်ဘာလ၏ အိမ်ရောင်းအားအောက် (၁)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် ရောင်းအားအနိမ့်ဆုံးဖြစ်ကြောင်း၊ ကာလတူဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက (၆.၂) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ အိမ်ရောင်းအား ကျဆင်းလာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်တွင် အပေါင်စာချုပ်ဖြင့် ချေးငွေအတိုးနှုန်းနှင့် အိမ်ဈေးနှုန်း မြင့်မားလာခြင်းသည် အမေရိကန်နိုင်ငံသားများအနေဖြင့် ဈေးကြီးသည့်အိမ်ဝယ်ယူမည်ကို ရပ်တန့်စေကြောင်း၊ အပေါင်စာချုပ်ဖြင့်ချေးငွေအတိုးနှုန်းသည် (၆)ရာခိုင်နှုန်းနှင့် (၈) နှုန်းအကြား ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ရောင်းချမည့်အိမ် အရေအတွက်မှာ တစ်သန်းခန့်ရှိပြီး ကာလတူဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက (၄.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလရှိ အရေအတွက်အောက် (၁၁.၅)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိအိမ်ဆောက်လုပ်မှုသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၉) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖော်ပြချက်များအရ သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်လာပြီး ငွေကြေးဖောင်းပွမှု ကျဆင်းခြင်း၊ ဗဟိုဘဏ်အတိုးနှုန်း တည်ငြိမ်လာခြင်း၊ လုပ်သားဈေးကွက်များ ပိုမိုခိုင်မာလာခြင်း စသည်ဖြင့် သတင်းဖော်ပြချက်များအရ တွေ့ရှိရသော်လည်း တစ်ဖက်တွင်    အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးနှုန်းအပေါ် အပြုသဘောဆောင်သည့် အမြင်များလည်းရှိကြောင်းနှင့် လူသားများ၏ စားဝတ်နေရေးအတွက် အရေးပါသည့် စားသုံးကုန်စည်ဈေးနှုန်းနှင့် အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း သုံးသပ်ရပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA