Thailand

ဥရောပသမဂ္ဂ၏ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် စက်ရုံများကို အဆင့်မြှင့်တင်ရန် ချေးငွေ ကူညီပေးနိုင်ရေး ထိုင်းပို့ကုန်လုပ်ငန်းရှင်များက တောင်းဆိုခဲ့

Last Updated:

ထိုင်း စီးပွားရေးလုပ်ငန်းများက ဥရောပသမဂ္ဂ၏ ကာဗွန်နယ်စပ်ချိန်ညှိရေးနည်းလမ်း (Carbon Border Adjustment Mechanism-CBAM) နှင့် ကိုက်ညီမှုရှိစေရေး ၎င်းတို့၏ စက်ပစ္စည်းနှင့် ယန္တရားများကို အဆင့်မြှင့်တင်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေ အစီအစဉ်ဆောင်ရွက်ပေးရန် အစိုးရကို အကြံပြုကြကြောင်း သိရှိရပါသည်။

ပြောင်းလဲနေသည့် ကာလအတွင်း ဥရောပသမဂ္ဂ‌၏ CBAM ကို သတ်မှတ်စက်ရုံများအတွက် စတင်အသုံးပြုနေပြီဖြစ်သဖြင့် ထိုင်းပုဂ္ဂလိက ကဏ္ဍက ၎င်းတို့၏ ယှဉ်ပြိုင်မှုကို တိုးမြှင့်ခြင်းအားဖြင့် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍက ၎င်းတို့၏ စက်ယန္တရားများကို သဘာဝပတ်ဝန်းကျင်နှင့် CBAM နှင့် ကိုက်ညီမှုရှိစေရေး အဆင့်မြှင့်တင်ရန် အစိုးရထံမှ ဈေးကွက်ပေါက်ဈေးထက် နည်းသည့် အတိုးနှုန်းဖြင့် ဘဏ္ဍာရန်ပုံငွေထူထောင်ပေးစေလိုကြကြောင်း၊ ကုမ္ပဏီများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစွာဖြင့် ထုတ်လုပ်မှုစနစ်ကို တိုးမြှင့်ရန်နှင့် စွမ်းအင် ချွေတာခြင်းအပေါ် အလေးထားသည့် ကုန်ကျမှုပုံစံကို ချိန်ညှိလျက်ရှိကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲနေသည့် ကာလအတွင်း လုပ်ငန်းများအနေဖြင့် CBAM တိုင်းတာချက်များနှင့် ကာဗွန်လျှော့ချသော လူမှုအသိုက်အဝန်းကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ CBAM ဆိုသည်မှာ ထုတ်လုပ်မှုဖြစ်စဉ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အမြင့်ဆုံးအဆင့်ရှိ သော ထုတ်ကုန်များအပေါ် ကောက်ခံသည့် အခွန်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂ အစိမ်းရောင် သဘော တူညီချက် (European Green Deal) အောက်မှ “Fit For 55” တိုင်းတာချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ အဆိုပါ တိုင်းတာချက်သည် သံနှင့် သံမဏိ၊ အလူမီနီယံ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင် စသည်တို့အပေါ် တိုင်းတာပါကြောင်း ကုန်သွယ်‌ရေး မူဝါဒနှင့် မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Poonpong Naiyanapakorn က ဖြည့်စွက်ပြောကြားခဲ့သည်။

ပထမအဆင့်ဖြစ်သော ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း တင်သွင်းသူများသည် တင်သွင်းသည့် အရေအတွက်နှင့် ထုတ်လွှတ်မှုအချက်အလက် များကို ဥရောပသမဂ္ဂသို့ အစီရင်ခံတင်ပြရမည်ဖြစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်သည့် သံနှင့် သံမဏိ၊ ဘိလပ်မြေ၊ လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်တို့သည် အစီရင်ခံရန် လိုအပ်ကြောင်း၊ တင်သွင်းသူ များက CBAM Declarant ကို လျှောက်ထားရန်နှင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များက ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ CBAM ကို မှတ်ပုံတင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဒုတိယအဆင့်ဖြစ်ပြီး အလုံးစုံ အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း၊ တင်သွင်းသူများသည် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်သည့် ပမာဏပေါ်မူတည်၍ CBAM သက်သေခံလက်မှတ်များ ဝယ်ယူရမည် ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးနှုန်းသည် ဥရောပသမဂ္ဂဈေးကွက်တွင် ကာဗွန် ၁ တန်လျှင် ယူရို ၇၈.၂၃ ဈေးနှုန်းရှိပါကြောင်း၊  ၂၀၂၆ ခုနှစ် နောက်ပိုင်းတွင် အော်ဂန်းနစ်ဓာတုပစ္စည်းများနှင့် ပိုလီမားတို့ ပါဝင်လာနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း ဥ‌ရောပသမဂ္ဂသို့ CBAM နှင့် ဆက်စပ်သည့် ပစ္စည်း အမေရိကန်ဒေါ်လာ ၄၇၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ဥရောပသမဂ္ဂသို့ သံနှင့် သံမဏိ၊ အလူမီနီယံ နှင့် ဓာတ်မြေဩဇာတို့ကို တင်ပို့ခဲ့သော်လည်း ဘိလပ်မြေ၊ လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်တို့ကို မတင်ပို့ခဲ့ပါကြောင်း သိရှိရပါသည်။

အပြောင်းအလဲကာလအတွင်း Carbon Footprint Product (CPF) တံဆိပ်ဖန်တီးနိုင်ရေး အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ အဆိုပါ တံဆိပ်များတွင် ထောက်ပံ့မှုကွင်းဆက် တစ်လျှောက် အစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏကို တွက်ချက်ဖော်ပြထားပါ ကြောင်း၊ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရေး မဟာဗျူဟာများကို ထိထိရောက်ရောက် မြှင့်တင်ဆောင် ရွက်ရန် ဖြစ်ကြောင်း၊ CPF သက်သေခံလက်မှတ်သည် ထိုင်းအစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ စီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားပါကြောင်း၊ တံဆိပ်မှ တွက်ချက်မှုများသည် CBAM ၏ တောင်းခံချက်အတွက် အစီရင်ခံနိုင်မည်ဖြစ်ကြောင်း Mr. Poonpong က ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂသို့ ပို့ကုန်တင်ပို့လျက်ရှိသော နိုင်ငံများအတွက် CBAM ကျင့်သုံးတော့မည်ဖြစ်ရာ CBAM နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များအား ထုတ်လုပ်သူများသာမက ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့ပြင် ထိုင်းအစိမ်းရောင်ဖန်လုံ အိမ်ဓာတ်ငွေ့ စီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားသည့် Carbon Footprint Product (CPF) သည် လည်း ထိုင်းနိုင်ငံသို့ တင်သွင်းလာမည့် ကာဗွန်ထုတ်လွှတ်မှုမြင့်မားသည့် ပို့ကုန်များအပေါ်တွင် ကျင့် သုံးလာနိုင်ကြောင်း သုံးသပ်ရပါသည်။

 

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand