Thailand

ဒူဘိုင်းကုမ္ပဏီများက ထိုင်းနိုင်ငံ၏ ကုန်းမြေချိတ်ဆက်သည့် စီမံကိန်းအစီအစဉ် (Land Bridge Plan) အပေါ် စိတ်ဝင်စားမှုရှိကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်မှ ပြောကြားခဲ့

Last Updated:

နိုင်ငံပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Dubai Ports (DP) World က ထိုင်းနိုင်ငံ၏ ဘတ် ၁ ထရီလီယံ ကုန်းမြေချိတ်ဆက်သည့်မီဂါစီမံကိန်းအပေါ် စိတ်ဝင် စားမှုရှိသည်ဟု ဝန်ကြီးချုပ် Srettha Thavisin ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဒါးဗို့စ်တွင် ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ “Thailand Land Bridge: Connecting Asean with the World” ဖြင့် ဆွေးနွေးခဲ့မှုတွင် ဝန်ကြီးချုပ်၏ DP World ၏ ဥက္ကဋ္ဌ၊ အုပ်ချုပ်မှုအကြီး တန်း အရာရှိ Mr. Sultan Ahmed bin Sulayem နှင့် တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံခဲ့မှုတွင် ကုမ္ပဏီ အနေဖြင့် စီမံကိန်း၌ ရင်းနှီးမြှုပ်နှံရန် စိတ်ပါဝင်စားမှုကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါကြောင်း၊ စီမံကိန်းနေရာကို လေ့လာရန်နှင့် ဆွေးနွေးမှုများဆောင်ရွက်နိုင်ရန် ကုမ္ပဏီမှ ကိုယ်စားလှယ်များကို ထိုင်းနိုင်ငံသို့ ခရီးစဉ်သွားရောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားခဲ့သည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Suriya Jungrungreangkit က အဆိုပါ လေ့လာမှုတွင် အတူတကွ သွားရောက်ပေးမည်ဖြစ်ကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့အခြေစိုက် DP World သည် နိုင်ငံပေါင်း ၆၉ နိုင်ငံတွင် ထောက်ပံ့ပို့ဆောင်ရေး (Logistics) ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပါကြောင်း၊ Laem Chabang International Terminal Co., Ltd ၏ ရှယ်ယာဝင်တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံ၏ အလုပ်အများဆုံး အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုဖြစ်သည့် လန်ချဘန်းဆိပ်ကမ်းတွင် ကုန်သေတ္တာများ လည်ပတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ၌ ဖက်စပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဘတ် ၁ ထရီလီယံ မီဂါစီမံကိန်းသည် ရနောင်း (Ranong) ကို ချွန်ဖောင် (Chumphon) နှင့် ချိတ်ဆက်ပေးရန် ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပြည်နယ် ၂ ခုစလုံး၌ ရေနက်ဆိပ်ကမ်း၊ ဖြတ်သန်း ဖောက်လုပ်မည့် မော်တော်ကားလမ်းနှင့် ရထားလမ်းစနစ်များ ပါဝင်မည်ဖြစ်ပါသည်။

ဖိုရမ်တွင် ဝန်ကြီးချုပ်သည် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံနှင့် ဘရပ်ဆဲလ်တို့အကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန်၊ ထိုင်းနိုင်ငံသားများ ဥရောပသို့ ခရီးသွားဗီဇာ လျှောက်ထားရာတွင် လွယ်ကူစေရေး ထိုင်းနိုင်ငံကူးလက်မှတ်ကို အဆင့်မြှင့်တင်ရန်နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်အတွက် အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း၊ ဝန်ကြီးချုပ်သည် Microsoft ပူးတွဲတည်ထောင်သူ Bill Gates နှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံတွင် Microsoft အချက်အလက်စင်တာ တည်ထောင်နိုင်ရေးဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ် Srettha Thavisin က ဆက်လက်ပြောကြားခဲ့သည်။

 

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand