Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ အမေရိကန်နိုင်ငံ ခရီးစဉ်တွင် ဆန်ပို့ကုန်နှင့်စပ်လျဉ်း၍ အလေးပေးဆွေးနွေးသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ အဆင့်မြင့် ဆန်နှင့် စားသောက်ကုန်များအတွက် အခွင့်အလမ်းများ ရှာဖွေရန် အမေရိကန်နိုင်ငံသို့ သွား‌ရောက်မည့် ခရီးစဉ်တွင် ဆန်နှင့်စားသောက်ကုန်များ တင်ပို့မှုမှ ဘတ် ၁.၇၅ ဘီလီယံထိ တိုးမြှင့်ရရှိရန် ရည်မှန်းထားကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Phumtham Wechayachai ကတိပြုပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ ဒုတိယအများဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပြီး ထိုင်း ရနံ့ပါဆန် (Hom mali) ကို အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ပါကြောင်း၊ အနောက်နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံသည် ထိုင်းများနှင့် အာဆီယံ နိုင်ငံသားများ၏ ဝယ်ယူမှုမြင့်မားသဖြင့် ထိုင်း ပို့ကုန်များ အရှိန်မြှင့်တင်ပို့နိုင်ရန် ဦးတည်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့များတွင် အဓိက တင်သွင်းနေသည့် အမေရိကန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားရန် ရှိပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနအနေဖြင့် ထိုင်းရနံ့ပါဆန်ကို ဆိုင်တွင်းအရောင်းမြှင့်တင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုင်းဆန်ရောင်းချနိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေထိုးသွားမည်ဖြစ်ကြောင်း၊ ထိုင်းစားသောက်ဆိုင်များတွင် Thai Select အမှတ်တံဆိပ်များ ပြသသွားမည် ဖြစ်ပြီး ထိုင်းအစားအစာများ မြှင့်တင်ရေးအတွက် အမေရိကန် နာမည်ကြီးများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် အမေရိကန်ဈေးကွက်သို့ ထိုးဖောက်လိုသည့် ထိုင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဖြန့်ချိရေးလမ်းကြောင်းများအပေါ် ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းထုတ်ကုန်များအတွက် နိုင်ငံတွင် ကျော်ကြားသူများနှင့် ချိတ်ဆက်မှုရှိထားရန် စီးပွားရေးသံမှူးများကို ညွှန်ကြားထားပါကြောင်း၊ အမေရိကန်၏ ဈေးကွက်သည် ကြီးမားပြီး ကာလရှည်ကြာစွာ ကုန်သွယ်မှုပြုလျက်ရှိသည့် နိုင်ငံဖြစ်ကြောင်း၊ ထိုင်းတောင်သူများ အကျိုးရှိစေမည့် ထုတ်ကုန် အရည်အသွေးတိုးမြှင့်ရန်နှင့် ဖြန့်ချိရေးတွင် ခိုင်မာသော စနစ်ဖြစ်စေရေး သိုလှောင်ရုံများကိုလည်း ခရီးစဉ်အတွင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများအကြား ရှိပြီးဖြစ်သော ဈေးကွက်ကို အသုံးချ၍ ပိုမိုကြီးမားသော ဈေးကွက်ရှာဖွေရေးအတွက် အဆင့်မြင့်အရာရှိကြီးများ ဦးဆောင်သည့် ခရီးစဉ်များ သွားရောက်ခြင်း၊ Soft Power တစ်မျိုးဖြစ်သည့် အစားအစာများမှတစ်ဆင့် ထိုင်း၏ အမှတ်ဆံတိပ်ကို မြှင့်တင်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost gov၊

စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand