USA

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်၊ ဂျာမနီနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသည့် အစားအသောက် စည်သွတ်ဗူးခွံ ထုတ်လုပ်သည့် သတ္တုတင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းသစ် သတ်မှတ်ရန် စီစဉ်လျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံအနေဖြင့် တရုတ်၊ ဂျာမနီနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသည့် အစားအသောက် စည်သွတ်ဗူးခွံထုတ်လုပ်သည့် သတ္တုတင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းသစ်သတ်မှတ်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ထုတ် World Street Journal အွန်လိုင်းသတင်းတွင် “U.S. Plans New Tariff on Food-Can Metal From China, Germany and Canada” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။

အမေရိကန်သမ္မတ ဘိုင်ဒင်အစိုးရအနေဖြင့် တရုတ်၊ ဂျာမနီနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသည့် စည်သွတ်ဗူးခွံထုတ်လုပ်သောသတ္တုအပေါ် အကောက်ခွန်နှုန်း အသစ်တစ်ရပ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ဩဂုတ်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့ပြီး ယင်းသို့တိုးမြှင့်လိုက်ခြင်းကြောင့် စည်သွတ် စားသောက်ကုန်အချို့၏ ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း အစားအသောက်ထုတ်လုပ်သည့် ကုမ္ပဏီများက ပြောကြားခဲ့ပါကြောင်း၊ အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Commerce Department) ၏ စုံစမ်းစစ်ဆေးချက်အရ အဆိုပါ (၃) နိုင်ငံများမှ သံသတ္တုထုတ်လုပ်သူများသည် ၎င်းတို့၏ သံပြားများကို အမေရိကန်နိုင်ငံတွင် ဈေးနှုန်းအလွန်လျှော့ချ၍ ရောင်းချလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ (၃) နိုင်ငံအနက် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်းထား (၁၂၂.၅၂) ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးကောက်ခံသွားမည် ဖြစ်ပါကြောင်း၊ ဤသို့ကောက်ခံခြင်းမှာ တရုတ်ကုမ္ပဏီများအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်ပတ်သက်မှုကို သက်သေပြရန် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းကို ငြင်းဆိုခြင်းကြောင့်ဖြစ်ပါကြောင်း၊ Thyssenkrupp Rasselstein အပါအဝင် ဂျာမနီကုမ္ပဏီများအပေါ် (၇.၀၂) ရာခိုင်နှုန်းလျော့နည်း၍လည်းကောင်း၊ ArcelorMittal Dofasco အပါအဝင် ကနေဒါကုမ္ပဏီများအပေါ် (၅.၂၉) ရခိုင်နှုန်းလျော့နည်း၍လည်းကောင်း တရုတ်ကုမ္ပဏီများအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းများအောက် လျော့နည်းကောက်ခံသွားမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ဤအကောက်ခွန်နှုန်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ အတည်ပြုမည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

တစ်ဆက်တည်းမှာပင် အမေရိကန်အနေဖြင့် အခြားကုန်သွယ်မှုနိုင်ငံ/ဒေသ (၅) ခု ဖြစ်သည့် နယ်သာလန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တူကီယဲနှင့် ဗြိတိန်နိုင်ငံတို့အား လျှော့ဈေးဖြင့် ကုန်ပစ္စည်း ပမာဏအများအပြားရောင်းချသည် (dumping) ဟုဆိုကာ အကောက်ခွန်နှုန်းအသစ် သတ်မှတ်၍ တင်သွင်းကုန်အမျိုးအစားများကို လျော့ချခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်ရှိ သံသတ္တုပြားထုတ်လုပ်သောကုမ္ပဏီ Cleveland-Cliffs နှင့် သံသတ္တုလုပ်သားများသမဂ္ဂ (United Steelworkers Union) တို့မှ အသနားခံစာတင်ပြလာခြင်းအပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် အမေရိကန် နိုင်ငံတကာကုန်သွယ်ရေး ကော်မရှင်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ကုမ္ပဏီများမှ တင်ပြသည့် အသနားခံစာတွင် ဈေးပေါသည့် သံသတ္တုတင်သွင်းမှုများကြောင့် အမေရိကန် သံသတ္တုထုတ်လုပ်သူများနှင့် ပြည်တွင်းအလုပ်အကိုင်ရရှိမှုကို ထိခိုက်စေကြောင်းဖြင့် ဖော်ပြထားပါကြောင်း၊ အစားအသောက်ထုတ်လုပ်သည့် ကုမ္ပဏီများက အကောက်ခွန်နှုန်းအသစ် သတ်မှတ်ကောက်ခံခြင်းဖြင့် စည်သွတ်ဗူးဖြင့် ထုတ်လုပ်သော ဟင်းရည်၊ အသီးအရွက်နှင့် အခြားထုတ်ကုန်များ၏ ဈေးနှုန်းမြင့်တက်စေပါကြောင်း၊ စားသောက် ကုန်ဈေးနှုန်းသည် ငွေကြေးဖောင်းပွမှုကြောင့်လည်း မြင့်တက်လျက်ရှိပါကြောင်း ဖော်ပြထားပါသည်။

အမေရိကန် သံသတ္တုသွင်းကုန်များအနက် တရုတ်နိုင်ငံမှ တင်သွင်းသည့်ပမာဏမှာ (၁၄) ရာခိုင်နှုန်းရှိပြီး ဂျာမနီနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်စုစုပေါင်းသည် (၃၀) ရာခိုင်နှုန်းရှိပါကြောင်း၊  ကျန်ရှိသည့် သံသတ္တုသွင်းကုန်ရာခိုင်နှုန်းအနက် အများစုကို အခြားနိုင်ငံ/ဒေသ(၅) ခုမှ တင်သွင်းခဲ့ပါကြောင်း၊  သမ္မတဘိုင်ဒင်အစိုးရအနေဖြင့် အမေရိကန်စက်မှုလုပ်ငန်းရှင်များနှင့် အလုပ်သမားများကို ထောက်ပံ့ပေးသည့်  “အလုပ်သမားဗဟိုပြုသည့် ကုန်သွယ်ရေးမူဝါဒ (Worker – centric trade policy)” ပြဋ္ဌာန်းထားပြီး ယခုကဲ့သို့ အကောက်ခွန်နှုန်းတိုးမြှင့်လိုက်ခြင်းဖြင့် ငွေကြေးဖောင်းပွမှုကို ထပ်တိုးစေပြီး ယင်းအချက်သည် ၂၀၂၄ ခုနှစ်ရွေးကောက်ပွဲတွင် ထိုးနှက်စရာအချက်တစ်ခု ဖြစ်လာနိုင်မည်ကို မလိုလားသည့် အခြေအနေရှိသဖြင့် သမ္မတဘိုင်ဒင်၏အစိုးရသည် မူဝါဒရေးရာ ပဋိပက္ခနှင့် ရင်ဆိုင်နေရပါကြောင်း၊ စားသုံးကုန်စည်ရောင်းဝယ်ရေးအသင်း (Consumer Brand Association) ကလည်း အကောက်ခွန်နှုန်းအသစ်ကြောင့် စည်သွတ်စားသုံးကုန်စည်များ၏ ဈေးနှုန်းသည် (၃၀) ရာခိုင်နှုန်းအထိ တက်လာနိုင်ကြောင်း၊ ဤသို့တိုးမြှင့်ခြင်းသည် တရုတ်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုအတွက်သာဖြစ်ပြီး တရုတ်နှင့် အမေရိကန်တို့၏ စီးပွားရေးပြိုင်ဆိုင်မှုအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်းဖြင့် အုပ်ချုပ်ရေးအရာရှိများက သုံးသပ်ကြပါကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

အမေရိကန်နိုင်ငံသည် တရုတ်သံသတ္တုပြားထုတ်လုပ်တင်သွင်းသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ကာ အကောက်ခွန်နှုန်းတိုးမြှင့်လိုက်ခြင်းဖြစ်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်-တရုတ် အပြန်အလှန်အရေးယူမှု ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အမေရိကန်နိုင်ငံသည်၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် အဆင့်မြင့်နည်းပညာများဖြစ်သည့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး၊ Surveillance နှင့် Cyber Capabilities စသောလုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သမ္မတအမိန့်တစ်ရပ်ကိုထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်သည် အမေရိကန်၏အဓိကပြိုင်ဖက် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံရှိ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်စီစဉ်နေရာချသွားရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။  

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA