China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ဒစ်ဂျစ်တယ်စီးပွားရေးတိုးတက်စေရေး တိုးမြှင့်ဆောင်ရွက်

Last Updated:

တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်း၏ ဒစ်ဂျစ်တယ်စီးပွားရေး စုစုပေါင်းတန်ဖိုးသည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ၉၁၈.၀၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၇.၅ဘီလီယံခန့်) သို့ ရောက်ရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူထက် ၈.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မြို့တော် GDP ၏ ၄၄.၅ ရာခိုင်နှုန်းအထိရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

ပေကျင်း၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် တိုးတက်ပြောင်းလဲမှုအသစ်များကို ဖြစ်ပေါ်စေသည့် မောင်းနှင်အားနှင့်အရည်အသွေးမြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဂျင်အသစ်ဖြစ်လာကြောင်း ပေကျင်းမြူနီစီပယ် စီးပွားရေးနှင့် သတင်းအချက်အလက် နည်းပညာဗျူရို၏ လက်ထောက်အကြီးအကဲ Mr. Wang Lei ၏ ပြောကြားချက်အရ သိရှိရပါသည်။

ပေကျင်း၏ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် မူဝါဒများနှင့် စည်းမျဉ်းများကို အစီအစဉ်အလိုက် ထုတ်ပြန်ခဲ့ကြောင်း Mr. Wang က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးပမာဏသည် ယွမ် ၅၀.၂ ထရီလီယံအထိ တိုးတက်လာခဲ့ကြောင်း၊ နိုင်ငံ၏ GDP ၌ ဒစ်ဂျစ်တယ်စီးပွားရေးပါဝင်မှု ၄၁.၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တည်ငြိမ်စွာတိုးတက်ရေးနှင့် အသွင်ကူးပြောင်းရေးတို့အတွက် အရေးပါသည့် အင်ဂျင်တစ်ခုဖြစ်လာကြောင်းသိရှိရပါသည်။

လက်ရှိကာလတွင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများသည် ဒစ်ဂျစ်တယ်စီးပွားရေး၏ အဓိကနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဒစ်ဂျစ်တယ်နည်းပညာနှင့် စက်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်းဆိုင်ရာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးနှင့် အချက်အလက် စုစည်းထိန်းသိမ်းရေးအစရှိသည့် နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းများကို  တက်ကြွစွာဖြင့် ရှာဖွေဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။


 

 

Source: Beijing steps up efforts to boost digital economy - Chinadaily.com.cn

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)