Thailand

ထိုင်းနိုင်ငံ၌ ပြည်သူများ နေ့စဉ်စားသုံးရာတွင် မရှိမဖြစ်အရေးပါသော ကုန်စည် အမျိုး ၂၀ အတွက် အောက်တိုဘာလမှ စ၍ ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် ပြည်သူများနေ့စဉ်စားသုံးရာတွင် မရှိမဖြစ် အရေးပါသော ကုန်စည်အမျိုး ၂၀ အတွက် ဈေးနှုန်းလျှော့ချခြင်းကို အောက်တိုဘာလမှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပါသော ကုန်စည်များ၏ ကုန်ကျစရိတ်ပုံစံ အတွက် စိစစ်သုံးသပ်ရန်နှင့်  ယခုလအတွင်း လျှပ်စစ်ဓာတ်အားခနှင့် ဒီဇယ်ဈေးနှုန်းများ လျှော့ချပြီးနောက် မရှိမဖြစ်အရေးပါသော ကုန်စည်ဈေးနှုန်းများ လျှော့ချနိုင်ရေးအတွက် နည်းလမ်းရှာဖွေသွားရန် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနကို လမ်းညွှန်ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Mr. Phumtham Wechayachai  ပြောကြားခဲ့ပါသည်။

နေထိုင်မှုကုန်ကျစရိတ်အပေါ် သက်ရောက်နိုင်သည့် ထုတ်ကုန်များအားလုံးကို စိစစ်ပြီးနောက် ကုန်ကျစရိတ်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ဈေးနှုန်းမည်မျှ လျှော့ချသင့်သည်ကို သိနိုင်မည်ဖြစ်ကြောင်း၊ အကြမ်းဖျဉ်းအားဖြင့် ဆန်၊ ကြက်သား၊ ဝက်သားနှင့် ဥအမျိုးမျိုး အပါအဝင် နေ့စဉ် မရှိမဖြစ် အရေးပါသော ကုန်စည်အမျိုး ၂၀ ၏ ဈေးနှုန်းကို လျှော့ချသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

 ထုတ်လုပ်သူ၊ လုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား ညီညွတ်မျှတစေရန်အတွက် စက်တင်ဘာလ နောက်ဆုံးပတ်တွင် လုပ်ငန်းလည်ပတ်နေသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများ၏ ဖူလုံရေးကို ရှေးရှု၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် ဆောင်ရွက်သွားမည့် အဓိကနယ်ပယ် ၇ ခုအတွက် လမ်းညွှန်ခဲ့ပြီးဖြစ်ပါကြောင်း ဝန်ကြီး Mr. Phumtham က ဖြည့်စွက် ပြောကြားခဲ့ပါသည်။         

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand