China(Nanning)

ကောင်းမွန်သော မူဝါဒများက တရုတ်နိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုနှင့် နိုင်ငံတကာကုန်သွယ်မှုတို့ကို မြှင့်တင်ရန် ရည်ရွယ်လျက်ရှိ

Last Updated:

နယ်စပ်ဒေသနှင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို ပွင့်လင်း၍ အဆင့်မြင့်သော စင်္ကြံများအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများသည် တရုတ်နိုင်ငံ၏ ကုန်စည်နှင့်ဝန်ဆောင်မှု ကုန်သွယ်ရေးနှစ်မျိုးစလုံး ကြီးထွားလာစေရန်နှင့် လာမည့်နှစ်တွင် တရုတ်ငွေကြေးအား နိုင်ငံတကာသုံးငွေကြေးဖြစ်လာစေရန် လှုံ့ဆော်ပေးနိုင်ဖွယ်ရှိကြောင်း ကုန်သွယ်ရေးကျွမ်းကျင်သူများက မတ်လ ၁၇ ရက်နေ့က ပြောကြားခဲ့ကြောင်း သိရှိရသည် ။

အစိုးရသည် နယ်စပ်ဒေသနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များနှင့်ပတ်သက်သည့် အစီအစဉ်နှင့်လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသော  အစီအမံ ၁၅ ခု ပါဝင်သည့် ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီအမံများတွင် ဇုန်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဇုန်များကို တိုးချဲ့ခြင်းများပါဝင်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အွန်လိုင်းကြော်ငြာချက်တစ်ခုတွင် ဖော်ပြခဲ့သည် ။

နယ်စပ်ဖြတ်ကျော်ကုန်သွယ်ခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ဆက်နွှယ်သောဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးစသည့်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တရုတ်အစိုးရသည် နယ်စပ်ဖြတ်ကျော်ထောက်ပံ့ပို့ဆောင်မှုများနှင့် အရင်းအနှီးများလွယ်ကူချောမွေ့စွာ စီးဆင်းနိုင်စေရန်နှင့် Regional Comprehensive Economic Partnership agreement အား အောင်မြင်စွာ အကောင်အထည်ဖော်စေရန်အပါအဝင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ရန် အဆိုပါဇုန်များကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များသည် တရုတ်နိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာလာစေမည့် အဓိကစင်္ကြံများဖြစ်သည့်အပြင် Belt and Road Initiative (BRI) ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်း ထောက်ပံ့ပေးကြောင်း သိရှိရသည် ။

တရုတ်နိုင်ငံသည် ၎င်း၏ စက်မှုလုပ်ငန်းကဏ္ဍကို အဆင့်မြှင့်တင်ပြီး နိုင်ငံတကာ စီးပွားရေးနှင့်ကုန်သွယ်ရေး စည်းမျဉ်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်မှုများသည် ၂၀၂၃ ခုနှစ်တွင် ၎င်း၏ နိုင်ငံခြားကုန်သွယ်မှုကို ကြီးထွားလာစေရန်အတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ရုရှား၊ ဗီယက်နမ်၊ လာအိုနှင့် ကာဇက်စတန်ကဲ့သို့သော နိုင်ငံအတော်များများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်ပေးခြင်းက Belt and Road Initiative (BRI) ကို ပိုမိုအားကောင်းလာစေရုံသာမက တရုတ်ပြည်တွင်းနှင့် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဖြစ်ကြောင်း ကွမ့်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ ကွမ်ရှီးတက္ကသိုလ်၏ တရုတ်-အာဆီယံ ပူးပေါင်းဆန်းသစ်တီထွင်ရေးဗဟိုဌာနမှ သုတေသီတစ်ဦးက ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်အစိုးရ၏ ဆောင်ရွက်ချက်များတွင် ဆန်းသစ်သော စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုများတိုးချဲ့ခြင်း၊ ထုတ်လုပ်မှုတိုးမြှင့်ခြင်းနှင့် နယ်စပ်နှင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ၏ ဖွဲ့စည်းပုံများကို အဆင့်မြင့်တင်ခြင်းတို့လည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည် ။

အဆိုပါ လုပ်ဆောင်ချက်များမတိုင်မီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နယ်စပ်ကုန်သွယ်မှုကိုမြှင့်တင်ရန်အတွက် တရုတ်ငွေကြေးယွမ်ဖြင့် ငွေပေးချေခြင်းနှင့် ပို့ကုန်ပစ္စည်း ကြေညာခြင်းကို ရိုးရှင်းလွယ်ကူစေခြင်းအပြင် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ဈေးများနှင့် စီးပွားရေးစင်တာများ တည်ဆောက်ခြင်းအပါအဝင် အစီအမံအချို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယခုနှစ်တွင် ထုတ်ပြန်သည့် အစိုးရ၏အစီရင်ခံစာအရ တရုတ်နိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှုပုံစံအသစ်များကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ လွန်ခဲ့သော (၅)နှစ်ကျော်အတွင်း နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးအတွက် စမ်းသပ်ဇုန်အသစ် ၁၅၂ ခု တည်ဆောက်ခဲ့ပြီး ပင်လယ်ရပ်ခြား ကုန်လှောင်ရုံများ တည်ဆောက်ခြင်းကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

 

 

 

 

 

 

 

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 https://www.sunsirs.com/commodity-news/petail-11594.html

https://www.sunsirs.com/commodity-news/petail-11594.html

www.chinadaily.com.cn                

https://global.chinadaily.com.cn/a/202303/19/WS64164501a31057c47ebb5413. html

https://global.chinadaily.com.cn/a/202303/06/WS64058f06a31057c47ebb2880.html

Category: China(Nanning)