China(Nanning)

တရုတ်နိုင်ငံသည် အမေရိကန်မှ ပြောင်းတင်သွင်းမှုကို ပယ်ဖျက်နိုင်ကြောင်း

Last Updated:

ပြောင်းတင်သွင်းမှုထိပ်တန်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ဘရာဇီးလ်မှပြောင်းကို ဈေးပိုမိုသက်သာစွာဖြင့် ဝယ်ယူနိုင်သော ကြောင့် အမေရိကန်နိုင်ငံမှပြောင်းဝယ်ယူမှုကို ပယ်ဖျက်နိုင်ကြောင်း၊ အချို့သော ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သူများသည် ပြောင်းကို ဂျုံဖြင့် အစားထိုးလျက်ရှိကြောင်းသိရှိရပါသည်။

လွန်ခဲ့သည့် သုံးပတ်အတွင်း တရုတ်နိုင်ငံမှ ပြောင်းတန်ချိန် (၈၃၂,၀၀၀)ကို ဖျက်သိမ်းခဲ့ခြင်းကြောင့် အီလီနွိုက်နှင့် ချီကာဂိုရှိ ပြောင်းသီးနှံဈေးကွက်၌ ဖိအားများရှိလာခဲ့ကြောင်း၊ ယခုနှစ်တွင် ထိပ်တန်းပြောင်းတင်ပို့သူအဖြစ် အမေရိကန်ကို ကျော်တက်နိုင်ရန် မျှော်မှန်းထားသည့် ဘရာဇီးလ်၏ပြိုင်ဆိုင်မှုသည်လည်း တဖြည်းဖြည်းတိုးလာနေကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံသည် မတ်လတွင် အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် (၄)သန်းနီးပါးဝယ်ယူခဲ့ကြောင်း၊ သို့သော်လည်း ဘရာဇီးလ်မှ ပို့ဆောင်ခမှာ တတိယသုံးလပတ်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၀)ခန့် ဈေးသက်သာသဖြင့် အမေရိကန်၏ပြောင်း သည် ယှဉ်ပြိုင်နိုင်မှုနည်းလာသည်ဟု ကုန်သည်များကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တိရစ္ဆာန်အစာအတွက် တရုတ်ပြည်တွင်း၌ ပြောင်းဝယ်လိုအားကျဆင်းလာခြင်းသည်လည်း အရောင်းအဝယ်ဖျက်သိမ်းရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ပြောင်းဝယ်လိုအားသည် အမှန်တကယ်နည်းပါးလာပြီး တိရစ္ဆာန်အစာထုတ်လုပ်သူများသည် ပြောင်းကိုအစားထိုးရန် ဈေးသက်သာသည့် ဂျုံကိုအများအပြား အသုံးပြုလာကြကြောင်း Henan အခြေစိုက် Sinolink Futures (國金期貨) မှ အကြီးတန်းလေ့လာသုံးသပ်သူ Wang Xiaoyang က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဂျုံဈေးသည် Henan ပြည်နယ်၌ ပြောင်းဈေးထက် တစ်တန်လျှင် ယွမ် (၁၈၀) (အမေရိကန် ဒေါ်လာ ၂၆)ခန့် ဈေးသက်သာပြီး ရိတ်သိမ်းချိန်နီးလာသောကြောင့် ဈေးသည်ထပ်မံကျဆင်းသွားနိုင်ကြောင်း၊ ဂျုံသည်ပြောင်းဖူးထက် ပရိုတင်းဓာတ်ပါဝင်မှုမြင့်မားပြီး တိရစ္ဆာန်အစာတွင် အသုံးပြုသောပဲပုပ်ကို အစားထိုးရန်အတွက်လည်း အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။

ခက်ခက်ခဲခဲရုန်းကန်နေရသော မွေးမြူရေးသမားများသည် အစာကုန်ကျစရိတ်များကိုလျှော့ချရန် တတ်နိုင်သမျှလုပ်ဆောင်နေသောကြောင့် ပြောင်းကို ဂျုံဖြင့် အစားထိုးခြင်းသည် သဘာဝအရရွေးချယ်မှုတစ်ခုဖြစ်ကြောင်း ကုန်သည်များနှင့်လေ့လာသုံးသပ်သူများက ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ပြောင်းတင်သွင်းမှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် (၂၈)သန်းကျော် စံချိန်တင်ရောက်ရှိခဲ့ပြီး ယမန်နှစ်တွင် တန်ချိန် (၂၁)သန်းခန့်အထိ ကျဆင်းသွားကြောင်း အကောက်ခွန်အရာရှိများက ပြောကြားခဲ့ပါသည်။ ယခုနှစ် ပထမသုံးလတွင် ပြည်တွင်းသို့ ပြောင်းဝင်ရောက်မှုသည် တန်ချိန် (၇.၅)သန်းရှိခဲ့ရာ ယခင်နှစ်ကထက် (၆)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အများစုမှာ အမေရိကန်၊ ဘရာဇီးလ်နှင့် ယူကရိန်းတို့မှဖြစ်ကြောင်းသိရှိရပါသည်။

နောက်တစ်ချက်မှာ တရုတ်နိုင်ငံသည် ပြောင်းအထွက်တိုးရန် မျှော်မှန်းထားသောကြောင့် အမေရိကန်မှဝယ်ယူမှုကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း၊ ပြောင်းနှင့်ပဲပုတ် အဓိကထွက်ရှိရာဒေသဖြစ်သည့် အရှေ့မြောက်ပိုင်းဒေသရှိ လယ်သမားများသည် အစိုးရမှပဲပုပ်ပိုမိုစိုက်ပျိုးရန် တွန်းအားပေးနေသော်လည်း အမြတ်ပိုမိုမြင့်မားပြီး စီမံခန့်ခွဲမှုပိုမိုလွယ်ကူသောကြောင့် ယခုနှစ်တွင်ပြောင်းစိုက်ပျိုးရန်လိုလားနေကြကြောင်းသိရှိရပါသည်။

 

 

Source: https://www.taipeitimes.com/News/biz/archives/2023/05/13/2003799683

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)