China(Nanning)

တရုတ်နိုင်ငံသည် တောင်အာဖရိကမှ ပြောင်းကို ပထမဆုံး ဝယ်ယူခဲ့ခြင်း

Last Updated:

ကမ္ဘာ့နှံစားသီးနှံထိပ်တန်းဝယ်ယူသည့် တရုတ်နိုင်ငံသည် ၎င်း၏သီးနှံဝယ်ယူသည့်ဈေးကွက်ကို ကွဲပြားစေရန် ကြိုးပမ်းနေသောကြောင့် ယခုသီတင်းပတ်အတွင်း တောင်အာဖရိကမှပြောင်းကို ပထမဆုံးတင်သွင်းခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

တရုတ်ရှိ နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်သည့် COFCO Group မှဝယ်ယူသည့် တန်ချိန် (၅၃,၀၀၀) ပါရှိသော ကုန်တင်သင်္ဘောသည် ကွမ်တုံပြည်နယ်တောင်ပိုင်းရှိ Machong ဆိပ်ကမ်းသို့ရောက်ရှိလာပြီး တိရစ္ဆာန်အစာထုတ်လုပ်သူများထံ ရောင်းချမည်ဖြစ်ကြောင်းသိရှိရပါသည်။ အာဖရိကတိုက်၏ ထိပ်တန်းပြောင်းထုတ်လုပ်သည့် တောင်အာဖရိကနိုင်ငံသည် ပြောင်းအထွက်တိုးရန် မျှော်လင့်လျက်ရှိကြောင်း၊ မကြာသေးမီက အမေရိကန်စိုက်ပျိုးရေးအစီရင်ခံစာတွင် ၂၀၂၃-၂၀၂၄ သီးနှံရာသီတွင် ပြောင်းတင်ပို့မှု တန်ချိန် (၂.၃)သန်းရှိမည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်များက တောင်အာဖရိကနိုင်ငံမှ ပြောင်းတင်သွင်းမှုကို ခွင့်ပြုခဲ့သော်လည်း COFCO ၏ ဝယ်ယူမှု သည် တရုတ်နိုင်ငံသို့ရောက်ရှိသည့် ပထမဆုံးသိသာထင်ရှားသော ပမာဏဖြစ်ကြောင်း၊ ထိပ်တန်းပြောင်းတင်ပို့သည့် ယူကရိန်းသည် ပဋိပက္ခဖြစ်ပွားပြီး‌နောက် တင်ပို့မှုများရပ်တန့်သွားသဖြင့် အမေရိကန်အပေါ် ပိုမိုမှီခိုလာခဲ့ရခြင်းကို ရပ်တန့်ရန်အတွက် တရုတ်နိုင်ငံအနေဖြင့် သီးနှံရောင်းချသူအသစ်များကိုရှာဖွေရန် ကြိုးပမ်းနေချိန်တွင် ယခုကဲ့သို့တောင်အာဖရိကမှ တင်ပို့နိုင်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

COFCO သည် တောင်အာဖရိကမှ ပြောင်းအမြောက်အများ တင်သွင်းမှုကို တိုးမြှင့်ရန်နှင့်ဝယ်ယူမှုများကို ပုံမှန်ပြုလုပ်ရန်လုပ်ဆောင်နေကြောင်း COFCO International ၏ ပြောင်းသီးနှံလုပ်ငန်းအကြီ းအကဲ Fan Zhenyu အားကိုးကား၍ ရှင်းဟွာသတင်းအရသိရှိရပါသည်။

ယခင်နှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတင်ပို့သူများစာရင်းကို ပြင်ဆင်ခဲ့ကြောင်း၊ ယင်းအချက်သည် တောင်အမေရိကနိုင်ငံမှ ပြောင်းတင်သွင်းမှု မြင့်တက်သွားစေခဲ့ကြောင်းသိရှိရပါသည်။ ဘရာဇီးလ်နိုင်ငံမှ ပြောင်းတင်သွင်းမှုများ မြင့်တက်လာမှုကြောင့် အမေရိကန်မှ ပြောင်းဝယ်ယူမှုဖျက်သိမ်းခြင်းကို ဖြစ်ပေါ်စေပြီး ပြောင်းဈေးကွက်ကို လပေါင်းများစွာ အနိမ့်ဆုံးသို့တွန်းပို့ခဲ့ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးလ်နှင့် တောင်အာဖရိကတို့မှပြောင်းများကို တင်သွင်းခြင်းဖြင့် အမေရိကန်မှပြောင်းတင်သွင်းမှုအပေါ်မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်ကြိုးပမ်းလျက်ရှိရာ မြန်မာ့ပြောင်းများအတွက် အခွင့်အလမ်းများရှိနေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း စိန်ခေါ်မှုအဖြစ်ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်လိုအပ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်၌ တိရစ္ဆာန်အစာအတွက် ပြောင်းအစား ဈေးသက်သာသည့်ဂျုံကို အစားထိုးသုံးစွဲလာခြင်းနှင့် ပြည်တွင်းပြောင်းအထွက်တိုးမည်ဟု မျှော်မှန်းထားခြင်းတို့ကြောင့် တရုတ်၏ပြောင်းဝယ်လိုအား ကျဆင်းနိုင်ဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

Source: https://www.nasdaq.com/articles/china-buys-first-cargo-of-south-african-corn

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)