China(Nanning)

တရုတ်-အာဆီယံ ကုန်းမြေ- ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်သည် ကြီးမားသော အားသာချက်ကို ပြသလျက်ရှိကြောင်း

Last Updated:

အဓိကအပြည်ပြည်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေး စီမံကိန်းတစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ်သည် အောင်မြင်မှုများရရှိခဲ့ပြီး ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းသည် ၂၀၂၀ ပြည့်နှစ်တွင် (၁၀၂)နှင့် ၂၀၂၁ ခုနှစ်တွင် (၁၂၂.၆) ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် (၁၃၅.၂)သို့ မြင့်တက်လာခဲ့ကြောင်း မကြာသေးမီက အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားကြောင်းသိရှိရပါသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ်သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းတည်ဆောက်ထားသော ကုန်သွယ်မှုနှင့်ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ လမ်းကြောင်းအသစ်သည် ရထားလမ်း၊ အဝေးပြေးလမ်းမများနှင့် ရေကြောင်းလမ်းများအပါအဝင် သယ်ယူပို့ဆောင်ရေးပုံစံအမျိုးမျိုးကို ထိရောက်စွာအသုံးပြုနိုင်ရန် အခြေခံထားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်၏ ၂၀၂၂ ခုနှစ်အတွက် ဖွံ့ဖြိုးရေးအညွှန်းကိန်းကို ချုံချင့်မြို့၌ ကျင်းပခဲ့သည့် “2023 China-Singapore (Chongqing) Connectivity Initiative International Land-Sea Trade Corridor (CCI-ILSTC) International Cooperation Forum”  တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယန်ဇီမြစ်အထက်ပိုင်းတွင်တည်ရှိသော ချုံချင့်မြို့သည် ပထဝီဝင်အနေအထားအရ အကျိုးကျေးဇူးများရှိနေကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံအနောက်ပိုင်းဒေသများ၏ အမျိုးသားအဆင့် ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် မဟာဗျူဟာကျသည့် အချက်အချာနေရာတစ်ခုဖြစ်ပြီး Belt and Road Initiative နှင့် ယန်ဇီမြစ်စီးပွားရေးလမ်းမအတွက် ဆက်သွယ်ရေးဆုံမှတ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် ချုံချင့်မြို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သော the China-Singapore (Chongqing) Demonstration Initiative on Strategic Connectivity ၏ ဌာနချုပ်လည်းဖြစ်ကြောင်း၊ China-Singapore (Chongqing) Connectivity Initiative သည် တရုတ်နိုင်ငံအနောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန် အဆိုပါအပြည်ပြည်ဆိုင်ရာ ကုန်းမြေ-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံသစ်စီမံကိန်းကို စတင်ခဲ့ကြောင်းသိရှိရပါသည်။

လွန်ခဲ့သည့်ငါးနှစ်ကျော်အတွင်း အဆိုပါကုန်သွယ်ရေးစင်္ကြံသစ်၏ ပို့ဆောင်ရေးကွန်ရက်သည် လျင်မြန်စွာတိုးချဲ့လာနိုင်ခဲ့ကြောင်း၊ ချုံချင့်မြို့သည် ရထားပို့ဆောင်ရေးဗဟိုချက်တစ်ခုအဖြစ်ရှိနေပြီး ဥရောပနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ထားကြောင်း၊ ယခုအခါ ကုန်သွယ်ရေးစင်္ကြံသစ်တစ်လျှောက်ရှိ ဒေသခွဲနှင့်နိုင်ငံပေါင်း (၁၁၉)ခုတွင် ဆိပ်ကမ်း (၃၉၃)ခုအထိ ရှိနေပြီဖြစ်ကြောင်း ILSTC's Coordination Center for Logistics and Operation ၏ ဒါရိုက်တာ Liu Wei က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုအချိန်ထိ ကုန်သွယ်ရေးစင်္ကြံသစ်သည် ချုံချင့်မြို့နှင့် Sichuan၊ Guizhou၊ Hainan၊  Guangdong province ရှိ Zhanjiang နှင့် Hunan province ရှိ Huaihua မြို့တို့အပါအဝင် ပြည်နယ်အဆင့်ဒေသ (၁၃)ခုအထိ တိုးချဲ့ထားပြီးဖြစ်ကြောင်း၊ ကုန်းတွင်းပိတ် အနောက်ပိုင်းဒေသများနှင့် အာဆီယံနိုင်ငံများအကြား ကမ်းရိုးတန်းမှတစ်ဆင့် ပိုမိုလျင်မြန်စွာ ချိတ်ဆက်ထားသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါကုန်သွယ်ရေးစင်္ကြံသစ်မှတစ်ဆင့် ချုံချင့်မြို့၏ ကုန်စည်ပို့ဆောင်မှုပမာဏနှင့် တန်ဖိုးသည် နှစ်ဆဖြစ်လိမ့်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများနှင့် တင်သွင်းတင်ပို့မှုပမာဏသည် ကုန်စည်ပို့ဆောင်မှုစုစုပေါင်း၏ (၇၀)ရာခိုင်နှုန်းကျော် ရှိမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို (၂၀)ရာခိုင်နှုန်းနှင့် စုစုပေါင်းသယ်ယူပို့ဆောင်ရေးအချိန်ကို (၃၀)ရာခိုင်နှုန်း အသီးသီး လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.chinadaily.com.cn/a/202305/19/WS6466b0eba310b6054fad3d0e.html 

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)