China(Nanning)

တရုတ်နိုင်ငံသည် NEV များ ဝယ်ယူမှုအတွက် အခွန်သက်သာခွင့်ကို ဆက်လက်သက်တမ်းတိုး

Last Updated:

စွမ်းအင်သစ်သုံးယာဉ်များ(New Energy Vehicle-NEVs) ထုတ်လုပ်မှုလုပ်ငန်းကို ဆက်လက်ပံ့ပိုးကူညီရန် ကြိုးပမ်းမှုတစ်ခုအဖြစ် တရုတ်နိုင်ငံသည် စွမ်းအင်သစ်သုံးယာဉ်များ ဝယ်ယူမှုအတွက် အခွန်သက်သာခွင့်မူဝါဒကို ၂၀၂၇ ခုနှစ်ကုန်အထိ တိုးမြှင့်လိုက်သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားခဲ့ကြောင်း Xinhua သတင်း၌ ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင် ဝယ်ယူသည့် NEV များအတွက် အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပြီး ဝယ်ယူသည့် ခရီးသည်တင်ယာဉ်တိုင်းသည် အခွန်ကင်းလွတ်ခွင့် ယွမ် (၃၀,၀၀၀) (အမေရိကန်ဒေါ်လာ ၄,၁၇၈.၅၆ ခန့်) အထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်နယ်အခွန်ဦးစီးဌာနနှင့် စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်သောကြေညာချက်အရ သိရှိရပါသည်။

၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များတွင် ဝယ်ယူမည့် NEV များအတွက် အခွန်ကို ယခင်နှစ်ထက် တစ်ဝက်လျှော့ချပေးမည်ဖြစ်ပြီး ဝယ်ယူသည့် ခရီးသည်တင်ယာဉ်တိုင်းသည် အခွန်ကင်းလွတ်ခွင့် ယွမ် (၁၅,၀၀၀) အထိ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါလုပ်ဆောင်မှုသည် NEVs ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်နှင့် စွမ်းအင်သစ်ယာဥ်အသုံးပြုမှုကို လှုံ့ဆော်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

အခွန်မက်လုံးသည် တရားဝင်စာရင်းတွင် ပါဝင်သော လျှပ်စစ်စွမ်းအင်သုံး၊ ဟိုက်ဘရစ်နှင့် လောင်စာဆီသုံး မော်တော်ယာဉ်များအားလုံး အကျုံးဝင်ပြီး ပဏာမခန့်မှန်းချက်များအရ အဆိုပါမူဝါဒသည် အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် စုစုပေါင်း ယွမ် (၅၂၀) ဘီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Xu Hongcai က ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် NEV များအတွက် ဝယ်ယူခွန်ကင်းလွတ်ခွင့် မူဝါဒကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါမူဝါဒကို ၂၀၁၇ခုနှစ်၊ ၂၀၂၀ ပြည့် နှစ်နှင့် ၂၀၂၂ ခုနှစ်တွင် သုံးကြိမ်သက်တမ်းတိုးခဲ့ကြောင်း၊ လက်ရှိမူဝါဒသည် ယခုနှစ်ကုန်အထိ သက်ရောက်မှုရှိကြောင်း သိရှိရပါသည်။

ယခင်နှစ်ကုန်ပိုင်းအထိ အခွန်သက်သာခွင့်မူဝါဒသည် ယွမ် (၂၀၀) ဘီလီယံကျော်အထိ ကင်းလွတ်ခွင့်ရရှိစေခဲ့ပြီး ယခုနှစ်အတွင်း ယွမ် (၁၁၅) ဘီလီယံကျော် အခွန်ကင်းလွတ်ခွင့် ရရှိနိုင်သည်ဟု မျှော်လင့်ထားကြောင်း Xu က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမငါးလ၌ NEV ထုတ်လုပ်မှုသည် ယခင်နှစ်ထက် (၄၅.၁) ရာခိုင်နှုန်း တိုးတက်လာပြီး ယာဉ်အစီးရေ (၃) သန်းကျော်ရှိကြောင်း၊ NEV ရောင်းအားမှာ ယခင်နှစ်ကထက် (၄၆.၈) ရာခိုင်နှုန်း တိုးလာခဲ့ပြီး အစီးရေ (၂.၉၄) သန်းအထိရှိကြောင်းနှင့် NEV ရောင်းအားသည် နိုင်ငံ၏စုစုပေါင်း ကားသစ်ရောင်းချရမှု၏ (၂၇.၇) ရာခိုင်နှုန်းရှိပြီး တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း အားသွင်းရုံများအပါအဝင် အခြေခံအဆောက်အဦများကို ပံ့ပိုးပေးမှု သိသိသာသာတိုးတက်လာသည်ကို တွေ့မြင်ခဲ့ရပြီး အားသွင်းရုံ အရေအတွက်သည် ၂၀၁၅ ခုနှစ်တွင် (၁၀၀,၀၀၀) အောက်သာရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် (၅.၂၁) သန်းအထိ တိုးလာခဲ့ကြောင်း၊ ယခုနှစ် မေလကုန်တွင် တရုတ်၏အားသွင်းရုံများသည် (၆.၃၆) သန်းနီးပါးအထိ ရှိလာခဲ့ကြောင်း သိရှိရပါသည်။

သို့သော်လည်း တရုတ်နိုင်ငံ၏ စျေးကွက်ကိုဦးတည်သော NEV ဖွံ့ဖြိုးတိုးတက်မှုသည် ဟန်ချက်မညီဘဲ နိုင်ငံအရှေ့ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် နောက်ကျကျန်နေပြီး လူစီး NEV များရောင်းချမှုသည် ခရီးသည်တင် NEV များထက် ပိုမိုနည်းပါး၍ ကျေးလက်ဒေသ ဈေးကွက်ကိုလည်း အပြည့်အဝ အသုံးချနိုင်ခြင်းမရှိကြောင်း၊ အဆိုပါပြဿနာများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပြီး NEV လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် မူဝါဒများ ထပ်မံထွက်ပေါ်လာမည်ဖြစ်ကြောင်း Xin က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။                                                                                               

Source:https://english.news.cn/20230621/1671d5aee4864db5b11c1a4f8c6453b4/c.html

( စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)